ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်မာမှာ စတင်

ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်မာမှာ စတင်
by -
ကန္တာရဝတီတိုင်း(မ်)

ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင် အကောင်အထည်ဖော်တဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ Women in peace making သင်တန်းကို ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ အောက်တိုဘာလ ၃၀ ရက်မှ နို၀င်ဘာလ ၂ ရက်နေ့အထိ ၄ ရက် ကြာပြုလုပ်သွား ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ အမျိုးသမီးတွေပါလာတာတွေကို သိရတဲ့ အတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို စွမ်းရည်မြှင့်တင်နိုင်ဖို့ လာရောက်ကူညီရခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ Women, Peace and Security  ဌာနမှ Simon Tordjman (Policy and Programme  Analyst) က အခုလို ပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးတွေ ညှိနိုင်းဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးမှု ဆက်သွယ်ဆက်ဆံရေး သရုပ်ပြသနေကြစဉ် (ဓါတ်ပုံ-ကေတီ)
“အဖွဲ့အစည်းဖြစ်တဲ့ UN Women ကနေ အမျိုးသမီးဦးဆောင်မှုကို မြင့်တင် တဲ့အပိုင်းမှာ အဓိကထား လုပ်ဆောင်နေတယ်။ မြန်မာအမျိုး သမီးတွေ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တက်ကြွစွာပါဝင်ဆောင် ရွက်နေတာ ကိုကြားသိရတယ်။ ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့အပိုင်းကနေ ကူညီပံ့ပိုး ချင်တယ်။ ကျနော်တို့က အမျိုးသမီများ အချင်းချင်း ချိတ်ဆက် ကွန် ယက်ဖွဲ့ ဆောင်ရွက်ရေး၊ စွမ်းဆောင် ရည် မြှင့်တင်ရေး တို့က တဆင့် ဆုံးဖြတ်ချက် ချရာမှာ၊ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးများ အဓိပ္ပါယ်ရှိစွာ ပူးပေါင်း ပါ၀င် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ပံ့ပိုးပေးရန် အသင့်ပါပဲ”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေကို နေရာပေးဖို့ပိုပြီးလိုအပ်သလို ငြိမ်းချမ်းရေးနဲ့ လုံခြံုရေး ကြိုးစား ဖော်ဆောင်ရာမှာ အမျိုးသား အမျိုးသမီး တန်းတူအခွင့်ရေး ရရှိဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ပါ၀င်ပြီး အမျိုးသမီးထုရဲ့အသံကို ကြားသိအောင် ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က ကြိုဆိုနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီသင်တန်းကို ငြိမ်းဖောင်ဒေးရှင်း(SHALOM FOUNDATION ) ၊ UN WOMEN နဲ့ Swiss peace တို့ကပူး ပေါင်းပြီး ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

ဒေသခံ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ငြိမ်းဖောင်ဒေးရှင်းမှ ပြည်တွင်းရှိ အဖွဲ့အစည်းအသီးသီးက အမျိုးသမီး အဖွဲ့တွေကို ဖိတ်ကြားပြီး ချိတ်ဆက်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေး ဒုဥက္ကဌ ဒေါ်ဂျာနန်က ငြိမ်းဖောင်ဒေးရှင်း အစီအစဉ်နဲ့ သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ် ချက်နဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)ကို ယခုလိုရှင်းပြပါတယ်။
ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့မှ Simon Tordjman က ပြည်တွင်း အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးကိုယ်စာလှယ်တွေကို သင်တန်းပို့ချနေစဉ် (ဓါတ်ပုံ-ကေတီ)
“ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ပါဝင်ရမည့် အခန်းကဏ္ဍကလည်း နှစ်ဖက်က ပုဂ္ဂိုလ်တွေက စပြီးပြောလာတယ် အဲလိုပြောလာတာနဲ့ ကျမတို့အနေနဲ့ ငြိမ်းချမ်းရေး စားပွဲမှာပါဝင်တဲ့ အမျိုးသမီးတွေ ဆွေးနွေးပွဲတွေမှာ ပါတဲ့အနေနဲ့သော် လည်းကောင်း စောင့်ကြည့်တဲ့ အဖွဲ့အစည်းအနေနဲ့ ပါဝင်တဲ့သူ တွေ လည်းကောင်း ထောက်ပံ့ပေးနေ တဲ့သူတွေ သော်လည်းကောင်း အဓိကထား ဆောင်ရွက် ပြီးတော့ သူတို့အတွက်လိုအပ်တဲ့ အရည် အချင်းတွေ အတွေ့အကြံုနဲ့ ထိတွေ့မှုတွေရှိဖို့ ဒီသင်တန်းကို လုပ်ရခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။

WOMEN IN PEACE MAKING သင်တန်းကို  ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းမှ ကိုယ်စားလှယ် တွေ၊ Local NGOs အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားဒေသတွေဘက်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးမှုတွေမှာ ပါဝင်ကြတဲ့သူ စုစုပေါင်း ၂၀ ကျော်တက်ရောက်ကြပါတယ်။