တုတ်ဓါး လက်နက်များနှင့် အတူ အဖမ်းခံရသူများ အာမခံမရ

တုတ်ဓါး လက်နက်များနှင့် အတူ အဖမ်းခံရသူများ အာမခံမရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် တုတ်၊ ဓါး၊ ဂျင်ဂလိ လက်နက်များနှင့် အတူ အဖမ်းခံရသူ ၄ ဦးကို နို၀င်ဘာလ (၁)ရက်နေ့က ရုံးထုတ်ခဲ့ရာ အာမခံ မရဘဲ ဆက်လက် ဖမ်းဆီး ထားကြောင်း သတင်း ရရှိသည်။

“ဟုတ်ကဲ့။ သူတို့ (၄) ဦးကို ဒီကနေ့ ကြာသပတေးနေ့ နေ့လည် ၁ နာရီခွဲမှာ ရုံးထုတ်ပါတယ်။ လက်ခံ (အာမခံ)မပေးပါဘူး။ ရဲစခန်းမှာဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု သံတွဲ ဒေသခံ တစ်ဦးက ပြောသည်။

သံတွဲ ဆေးရုံနောက်ဖက်တွင် နေထိုင်သည့် ဗလီ ဂေါပက အဖွဲ့ဝင် ဦးတင်အောင်နှင့် ဗလီတွင် နေထိုင်သူ မွတ်ဆလင် လူငယ် ၃  ဦးတို့အား လွန်ခဲ့သည့် ဗုဓ္ဒဟူးနေ့က လက်နက်များနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သံတွဲ ဒေသခံက ဆက်ပြောသည်။

“မနေ့က နေ့လည်မှာ တပ်နဲ့ရဲက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်တဲ့ ဗောဓိကုန်းကျောင်းနဲ့ မွတ်ဆလင် ဗလီတွေကို ၀င်ရောက်ရှာဖွေတဲ့ အခါ ဘုန်းကြီးကျောင်းကတော့ ဘာမှ မမိဘူး။ ဂျမတ် ဗလီကတော့ ဓါးတွေ၊ သံတုတ်တွေ၊ ဂျင်ဂလိတွေ အများကြီး ဖမ်းမိပါတယ်” ဟု သူက ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ် အချို့တို့တွင် ပဋိပက္ခများ ဖြစ်ပွားနေခဲ့ရာ အုပ်စုဖွဲ့ တိုက်ခိုက်မှုများအတွင်း တုတ်၊ ဓါး၊ လှံ၊ တူမီး လက်နက်များ အသုံးပြုလာသည့်အတွက် ပဋိပက္ခ အခြေအနေကို ပိုမိုဆိုးရွာလာစေသဖြင့် ယင်းပစ္စည်းများအား ယနေ့မှစ၍ နို၀င်ဘာလ (၃) ရက်နေ့အတွင်း နီးစပ်ရာ ရဲစခန်း၊ လုံခြံုရေးအဖွဲ့များထံ အပ်နှံကြရန် အောက်တိုဘာလ (၃၁) ရက်နေ့က သက်ဆိုင်ရာမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများအနက် ဂျင်ကလိ အလက် ၃၀၊ မျှားအချောင်း ၅၀၊ သံတုတ် အချောင်း ၃၀၊ သံဂေါ်လီ အလုံး ၁၅၀နှင့် ဓါးရှည် (၂)ချောင်း၊ သံ (၂)လက် တို့ပါ၀င်သည်ဟု သူက ပြောသည်။

ပစ္စည်းများ ဖမ်းဆီးရမူနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် သံတွဲရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော် လည်း ဖုန်းမကိုင်သဖြင့် ဆက်သွယ်၍ မရခဲ့ပါ။

ယခုကဲ့သို့ ဖမ်းဆီမှုများ ရှိသော်လည်း သံတွဲမြို့အခြေအနေ တစ်စုံတစ်ရာ ထူးခြားမူ မရှိဘဲတည်ငြိမ်နေ ကြောင်း သိရသည်။

Most read this week