တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ
by -
နိရဥ္စရာ

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့် သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတရုံးမှ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

burma-army
ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည် ဟုလည်း ဆိုသည်။

ဇွန်လအတွင်း ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ကာ များမကြာခင်က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

ယခုအခါ စစ်တွေမြို့ အပါအဝင် မြို့ရွာတိုင်းရှိ သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေပြီး စစ်တွေတွင်မူ သံထည် အရောင်းဆိုင် တချို့ကို လုံခြံုရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ်  ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ်တွေမှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့  လက်နက်လုပ်တဲ့ သံထည်တွေကို ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ သိရတယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိဘူး” ဟု သူက ဆိုသည်။

ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊ လှံနှင့် တူမီး ယမ်းထောင်သေနတ်များ ပြုလုပ်ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ ပိုများလာသည့်အတွက် သံထည်ပစ္စည်းဆိုင်များ ကလည်း သံထည်ကို အကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အပြန်အလှန် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးနှင့် လူနေအိမ် ၅,၃၅၁ လုံး မီးရှို့ခံရပြီး လူပေါင်း ၃၂,၂၃၁ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အောက်တိုဘာလ ၃၁ ရက်နေ့က သမ္မတရုံး ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

Most read this week