မြန်မာအစိုးရတပ် ပစ်ခတ်မှု အရပ်သား ၁ ဦးသေဆုံး

မြန်မာအစိုးရတပ် ပစ်ခတ်မှု အရပ်သား ၁ ဦးသေဆုံး
by -
ကချင်သတင်းဌာန

တရုတ်မြန်မာ နယ်စပ်တွင် နွားသွားရောင်းပြီး ပြန်လာသည့် ဒေသခံ ရှမ်း နွားကုန်သည် ၁၀ ဦးအား မြန်မာအစိုးရ တပ်ဖွဲ့ဝင်များက ဓါးပြတိုက်လုယက်၍ ပစ်ခတ်ခဲ့မှုကြောင့် ကုန်သည်တစ်ဦးသေဆုံးပြီး ကျန်လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများဆိုသည်။

မြန်မာစစ်တပ် လားရှိုး အမှတ် (၁) ၀န်တင်တပ် စစ်သားများရဲ့ ဓါးပြတိုက် သတ်ဖြတ်ခံရတဲ့ ဦး မြင့်ဦး။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမှ မန်ဝိန်းကြီးသို့ အဝင် ကောင်းခန်ကျေးရွာတွင် စောင့်နေသည့် အစိုးရတပ်မှ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ (၂၆) ရက်နေ့က လုယက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက အခုလို ပြောသည်။

“တစ်ဘက်မှာ ၅ ယောက်စီမှောက်ခိုင်းပြီး မင်းတို့ခေါင်းမထောင်နဲ့ ခေါင်းထောင်လာတဲ့ သူတွေ အားလုံး ပစ်ထည့် ပစ်လိုက်မယ်။” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။

ယင်းတပ်ဖွဲ့ဝင်များသည် လားရှိုး အမှတ်(၁) ၀န်တင်တပ်ရင်းမှ စစ်သည်များ ဖြစ်ပြီး ကုန်သည်များထံမှ ပစ္စည်းများ လုယက်ယူပြီးနောက် လက်ထောက်ခေါ် 40 m ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် မန်ဝိန်းကြီးမြို့ ရပ်ကွက် (၅) တွင် နေထိုင်သူ ဦးမြင့်ဦး သေဆုံးခဲ့ပြီး မောင်ညွှန့်ဆိုသူ ပြင်းထန်သည့် ဒဏ်ရာဖြင့် တရုတ်ပြည် ရွှေလီမြို့ရှိ ဆေးရုံတွင် ဆေးကုသနေရကြောင်း သိရသည်။
သေဆုံးသွားသည့် ဦးမြင့်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ၂၇ ရက်နေ့က သဂြိုလ်လိုက်ကြောင်းသိရသည်။

Most read this week