KNLA နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ချစ်ကြည်ရေး ဘောလုံးကစား

KNLA နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ချစ်ကြည်ရေး ဘောလုံးကစား
by -
ကေအိုင်စီ

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ရည်ရွယ်၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ အားကစားကွင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၁)နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး Actor Star FC ဘောလုံး အသင်းတို့ ယမန်နေ့ညနေက ချစ်ကြည်ရေး ဘောလုံး ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းချစ်ကြည်ရေးဘောလုံးပွဲတွင် ရုပ်ရှင်အစည်းအရုံးက KNLA အသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ရရှိလာသော ရန်ပုံငွေကို ဒေသဖွံဖြိုးရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း တပ်မဟာ(၁) ဗျူဟာမှူး ဗိုလ်မှူးကြီးစောပလေ့က ကေအိုင်စီ သို့ ယခုလို ပြောသည်။

“လောလောဆယ် ရန်ပုံငွေ ဘယ်လောက်ရတယ်ဆိုတာ မတွက်ရသေးပါဘူး။ သေချာစာရင်းတိကျရတာနဲ့ ထုတ်ပြန်သွားမှာပါ။ ဖွံ့ဖြိုးရေးဆိုတော့ လမ်း၊ တံတား၊ ကျောင်းနဲ့ ဆေးပေးခန်းတို့အတွက်ပေါ့”ဟု ဗိုလ်မှူးကြီး စောပလေ့က ဆိုသည်။

အဆိုပါ ဘောလုံးပွဲတွင် KNLA တပ်မဟာ(၁) ဘောလုံးဝါသနာရှင်များနှင့် ရုပ်ရှင်အစည်းအရုံးဘက်မှ ရုပ်ရှင်မင်း သား လူမင်း၊ သူထူးစံ၊ ပိုင်ဇေရဲထွန်းတို့ အပါအဝင် အခြားအနုပညာ ၀ါသနာရှင်များ ကစားခဲ့ကြကာ လက်မှတ် တစ်စောင်လျှင် ကျပ် ၅၀၀ နှုန်း ရောင်းချခဲ့ပြီး လူထုပရိဿတ် တစ်သောင်းကျော် တက်ရောက်အားပေးကြည့် ရှု ခဲ့သည်ဟု သိရသည်။

ပွဲစဉ်မစတင်မှီ ရုပ်ရှင်အစည်းအရုံးဘက်မှ အနုပညာရှင်များက တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြပြီး ညနေ ၃ နာရီ ၃၀ မိနစ် တွင် ဘောလုံးပွဲစတင်ခဲ့သည်။

ဘောလုံးပွဲသို့ တက်ရောက်အားပေးကြည့်ရှုခဲ့သူ အသက် ၂၁ နှစ်အရွယ် ဘီးလင်းမြို့ခံ မင်းဝင်းထွန်းက “ကျနော်တို့မြို့မှာ မြို့ နယ်ပွဲတွေတော့ လုပ်တယ်ခင်ဗျ။ ခုလိုမျိုးကတော့ ပထမဆုံး ကြံုဖူးတာပဲ”ဟု ပြောဆိုသည်။

ချစ်ကြည်ရေးဘောလုံးပွဲဖြစ်မြောက်ရေးအတွက် အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်မှ ဦးဆောင်စီ စဉ်ပေးခဲ့ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ(၅) နယ်မြေတွင် ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ဆောင်ခဲ့သော ရွှေဖူးကုမ္ပဏီက ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။