ယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံရဲ့ ဘိန်းစိုက်ပျိုး မှုဟာ ၁၇ % တိုးလာတယ်လို့ UNODC က အောက်တို ဘာလ (၃၁) ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တွင် ဘိန်းစိုက်ခင်း ဟက်တာ ပေါင်း ၄၃,၆၆၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ဟက်တာ ၅၁,၀၀၀ အထိ တိုးပွား စိုက်ပျိုး လာခဲ့ကြောင်း အစီရင် ခံစာ၌ ဖော်ပြ ထားသည်။
ထုတ်လုပ်မှု ပမာဏ အားဖြင့် မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဘိန်းတန်ချိန် ၆၁၀ (ကန်ဒေါ်လာ ၂၇၅ သန်း) ထုတ်လုပ် ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၆၉၀ တန် (ကန်ဒေါ်လာ ၃၅၉ သန်း) သို့ တိုးထုတ် ခဲ့သည်ဟု ဆိုသည်။
“ဘိန်းစိုက်ပျိုး မှုဟာ ဝင်ငွေရ သီးနှံ စိုက်ပျိုး ခြင်းမျိုး ဖြစ်တယ်၊ စစ်တမ်း ကောက်ချက် တွေအရ မြန်မာ နိုင်ငံမှာ ရှိတဲ့ ဘိန်းစိုက်တဲ့ လူတွေ ထက်ဝက် လောက် နီးပါးက အဲလို ထွက်ဆို ကြတယ်၊ နောက်တချက် အနေနဲ့ ဘိန်းတွေဟာ စျေးကွက် ဝယ်လိုအားအရ ရောင်းရ လွယ်ပြီး ဝင်ငွေ အမြန် ဖြစ်ထွန်း စေတဲ့ အတွက် ဒီအချက် ကလည်း အခြား အရေးကြီးတဲ့ အချက်တစ်ချက် အဖြစ် တည်ရှိ နေပါတယ်၊ ဘိန်းရောင်းချလို့ ရတဲ့ ဝင်ငွေကနေ မိသားစု အတွက် လိုအပ်တဲ့ အစား အသောက်တွေ ဝယ်ခြမ်းပြီး မိသားစုကို ကျွှေးမွေး နေရ ပါတယ်” ဟု အစီရင် ခံစာက ဆိုသည်။
မြန်မာ့ ဘိန်းစိုက် တောင်သူ များ၏ ၄၆ % မှာ မိသားစု အပိုဝင်ငွေ ရရှိရန် စိုက်ပျိုးခြင်း ဖြစ်ပြီး ၄၅ % မှာ အစားအစာ ဝယ်ယူရန် လိုအပ် ချက်ကြောင့် စိုက်ပျိုး ရသည်ဟု အစီရင်ခံစာပါ စစ်တမ်းများက ဖော်ပြ ထားသည်။
အဆိုပါ အစီရင် ခံစာ ဖော်ပြချက် အရ မြန်မာ နိုင်ငံ၌ ရှိသည့် ရှမ်းပြည်နယ် တစ်ခုထဲ၌ပင် တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင် နှုန်းခန့် စိုက်ပျိုးလျက် ရှိနေပြီး ကချင် ပြည်နယ်၌ စိုက်ပျိုးမှုဟာ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရပြီး မြန်မာ နိုင်ငံ၌ ခြောက်သွေ့ ရာသီဖြစ်သည့် စက်တင်ဘာလမှ မတ်လ အထိ ဘိန်းကို အဓိကထား စိုက်ပျိုး ကြသည်ဟုလည်း ဖော်ပြ ထားသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဘိန်းစိုက်ပျိုးမှု ပမာဏ၊ ထုတ်လုပ်မှု ပမာဏ စသည့် အချက် အလက်၊ စစ်တမ်း များကို UNODC မှ အရာရှိ ကြီးများနှင့် မြန်မာ အစိုးရ၊ မူးယစ်ဆေးဝါး ထိန်းချုပ် ကွပ်ကဲရေး ဗဟို အဖွဲ့တို့ ပူးပေါင်းပြီး ကောက်ယူ ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီရင် ခံစာအား Southeast Asia Opium Survey 2012 Lao PDR, Myanmar ဟု အမည် ပေးထားပြီး လာအို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် စစ်တမ်းများ ကောက်ယူ ခဲ့၍ ယခုကဲ့သို့ ထုတ်ပြန် ကြေငြာ ခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာပါ အသေးစိတ် အချက်အလက် များနှင့် ပတ်သက်၍ မေးမြန်း နိုင်ရန် အတွက် UNODC မှ Country Director Mr. Jason Eligh အား ဆက်သွယ် ခဲ့သော်လည်း ၄င်းမှ တစ်စုံ တစ်ရာ တုံ့ပြန် ပြောဆိုခြင်း မရှိခဲ့ပေ။