လုပ်အားပေးမလိုက်သည့် ကျောင်းသားတဦးလျင် ကျပ်ငွေ ၁၅၀၀ ပေးရ

လုပ်အားပေးမလိုက်သည့် ကျောင်းသားတဦးလျင် ကျပ်ငွေ ၁၅၀၀ ပေးရ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်ထန်တလန်မြို့နယ် ကြောင်ထီးယားရွာ အစိုးရအလယ်တန်းကျောင်းမှ လုပ်အားပေး မလိုက်နိုင် သည့် ကျောင်းသူ ကျောင်းသား တဦးလျင် ကျပ်ငွေ ၁၅၀၀ နှုန်း ကျောင်းအုပ်ကြီးက ကောက်ခံနေကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။

အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသူကျောင်းသားများအား ကျောင်းအုပ်ဆရာကြီးမှ ၎င်း၏ ကိုယ်ပိုင် လယ်ယာ၊ စိုက်ခင်းများအပါအဝင် အိမ်မှု ကိစ္စများကို လုပ်အားပေး ခိုင်းစေနေပြီး လုပ်အားပေးမလိုက်နိုင်သူ များထံက ကောက်ယူခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘတဦးက ပြောဆိုသည်။

“ကျောင်းသားတွေကို လုပ်အားပေးမခိုင်းဖို့ ရပ်မိရပ်ဖတွေက တောင်းပန်ပေမဲ့ လုပ်အားမပေးသူတွေကို တဦးလျှင် ကျပ်ငွေ ၁၅၀၀ အခု ကောက်နေတာပါ။” ဟု ရပ်မိရပ်ဖ တဦးက ပြောသည်။

ထို့အပြင် သောကြာနေ့တိုင်း ကျောင်းဥယာဉ် စိုက်ပျိုးရေး လုပ်ငန်းများကို ခိုင်းစေနေကြောင်းနှင့် ခြံထွက် သီးနှံများအား ကျောင်းအုပ်ကြီး တဦးတည်းသာ ယူငင်စားသောက်နေကြောင်း ဆက်လက်ပြောဆိုသည်။

အဆိုပါ ကြောင်ထီးယားရွာ အလယ်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး ပူးငွန်ထန်က (၁၅) နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး လောလောဆယ် ကျောင်းဆရာ တဦးနှင့် ဆရာမ (၅) ဦးရှိကြောင်းနှင့်  ဆရာမအချို့အတွက် ထင်းခွေပေးရကြောင်း သိရသည်။

“ကျောင်းဆရာမတွေဆိုတော့ မလုပ်တတ်မကိုင်တတ်တာဖြစ်မှာပါ၊ ဒါပေမဲ့ ခွဲပြီးသားထင်းကို လက်ခံပြီး မခွဲတဲ့ ထင်းကို လွှင့်ပစ်ကြတာ မကောင်းဘူးကွ" ဟု မိဘပြည်သူတဦးက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာ ဘုန်းကြီးကျောင်းအလှူအတွက် အလယ်တန်း ကျောင်း သူတဦးအား ကျောင်းဆရာတွေက ထင်းခွေ ခိုင်းရာမှ လွန်ခဲ့သည် စက်တင်ဘာလ ၂၇ ရက်နေ့က သစ်တုံး ပိပြီး သေဆုံးခဲ့ဖူးသည်။

ထို့အပြင် ယခုနှစ်အတွင်း ချင်းပြည်နယ်ရှိ အခြားကျောင်းများတွင် ကျောင်းဝင်ကြေး ကောက်ခံခြင်း မရှိတော့ သော်လည်း ကြောင်ထီးယားရွာ အလယ်တန်းကျောင်းတွင် အလယ်တန်းအဆင့် ကျောင်းသား တဦးလျင် ကျပ်ငွေ ၃၀၀၀၊ မူလတန်းအဆင့် ကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ကျောင်းဝင်ကြေး ပေးခဲ့ရကြောင်း ကျောင်းသား မိဘများက ဆိုသည်။

အစိုးရမှ ချင်းပြည်နယ်ရှိ ကျောင်း ဆရာများအား အထူး အစီအစဉ်အဖြစ် လစာတဆ တိုးပေးပြီးသည့် အပြင် ယခုနှစ်အတွင်း ရှားပါးစားရိတ် ကျပ်ငွေ ၃ သောင်း ချီးမြှင့်ထောက်ပ့ံခဲ့ပြီးဖြစ်သည်ဟု ပညာရေးဌာန အသိုင်း အဝိုင်းက ပြောဆိုသည်။

Most read this week