ရခိုင်ပြည်နယ်ရှိ လူမှု အသိုင်းအဝိုင်း နှစ်ခုအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူ သွားမည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သတင်း ထုတ်ပြန်လိုက်သည်။
လူူ့အဖွဲ့အစည်း ၂ ခု အကြား ပဋိပက္ခများက သာမာန် ဆူပူ လှုပ်ရှားမှုထက် လက်နက်ကိုင် အကြမ်းဖက်သည့် လက္ခဏာဆောင်ခဲ့ရာမှ လုံခြံုရေးတပ်ဖွဲ့ဝင်များအား လက်နက်ဖြင့် ရန်မူခြိမ်းခြောက် လာမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း ယနေ့ ထုတ်ပြန်သည့် သမ္မတရုံး ၀က်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းအကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသန္တရလုပ် လက်နက်ငယ် (၁၈၀) ကို သိမ်းဆည်းနိုင်ခဲ့သလို လက်နက်ပြုလုပ်သူ အချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများကို ဖမ်းဆီးရမိထား ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူစုလူဝေးဖြင့် ခြိမ်းခြောက်၊ အကြမ်းဖက်၊ တိုက်ခိုက်မီးရှို့မှုများ အတွင်း အဖွဲ့တခုဘက်တွင် နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ ပါ၀င် ပတ်သက်နေသလို အစီအစဉ်တကျ ဆောင်ရွက်ထားမှုများ တွေ့ရှိကြောင်း ဖော်ပြထားသည်။
အလားတူ အခြားအဖွဲ့တခု ဘက်တွင်လည်း ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းတချို့ ပါ၀င်ပတ်သက်နေ သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
သို့သော် အဖွဲ့ နှစ်ခုဟုသာ ဖော်ပြထားပြီး မည်သည့်အဖွဲ့ဘက်က မည်သို့သောအဖွဲ့အစည်းများပါ၀င်ပတ် သက်နေကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။
ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်သည့် အနေဖြင့် ယင်းသို့ ပါ၀င်ပတ်သက် နေသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ထိရောက်စွာ ဖော်ထုတ် အရေးယူသွားမည်ဟု ထုတ်ပြန် ချက်က ဆိုသည်။
လူအုပ်စု နှစ်ခုအကြား တကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း လွန်ခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သေဆုံးသူ (၈၉) ဦး၊ ဒဏ်ရာရသူ (၁၃၆) ဦးရှိ၍ အိမ်ခြေ (၅၃၅၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး ပဋိပက္ခအတွင်း အိုးအိမ်မဲ့သူပေါင်း (၃၂,၂၃၁) ဦး ထပ်မံ ဖြစ်ပွားခဲ့ကြောင်းထုတ်ပြန် ချက်က ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားသူများ ရှိနေကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ လွန်ခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့က ကြေညာချက် အမှတ် (၁/၂၀၁၂) ကို ထုတ်ပြန်ခဲ့သလို ယနေ့ (၂/၂၀၁၂) ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ယခုဖြစ်စဉ်အတွင်း ပြည်ပအဖွဲ့အစည်းများက ကြိုးကိုင်လှုပ်ရှားမှု ပြုလုပ်နေသည်ဟု သံသယရှိ ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၅) ရက် နေ့စွဲဖြင့်ကြေညာ ချက် တစောင် ထုတ်ပြန် ပြောဆိုထားသည်။