အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့၏ (၆) လတာ အပစ်အခတ် ရပ်စဲရေး အခြေအနေတွင် အကျိုးဖြစ်ထွန်းမှု တစုံတရာ မရှိကြောင်း ကရင်နီ အခြေပြု လူမှုအသင်း အဖွဲ့များ ကွန်ယက် (KCSN) က ထောက်ပြပြောဆိုလိုက်သည်။
မြန်မာ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့၏ (၆) လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် အပေါ် သုံးသပ်သည့် အခမ်းအနား တခုကို (KCSN) မှ ဦးစီး၍ ယနေ့ နံနက် (၉း၃၀) နာရီ အချိန်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဦးဆောင် အဖွဲ့ဝင် တဦးဖြစ်သူ တော်ရယ်ဖိုးက ဝေဖန် ပြောဆို လိုက်သည်။
“ကျနော်တို့က လက်ရှိ ပြဿနာတွင်းက တကယ့် ခံစားနေရတဲ့ လူတွေဖြစ်တဲ့ အတွက် အစစ်အမှန် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အလိုရှိနေတာ အမှန်ဖြစ်ပါတယ်။ အခု KNPP က အစိုးရနဲ့ ယူထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ အစိုးရ ဘက်က ဘာတခုမှ လိုက်လျှောပေးမှု မရှိဘူးလို့ မြင်ပါတယ်။ ဒီတော့ ဘာမှ မထူးပါဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု ဆိုပါသည်။
အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ KNPP နှင့် မြန်မာ အစိုးရတို့ ယခုနှစ် မတ်လ က ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွင်း KNPP ဘက်မှ အချက် (၂၀) ကို တင်ပြခဲ့သည်။ ယင်းတို့အနက် ကယားပြည်နယ် လွိုင်ကော်မြို့၌ ဇွန်လ (၉) ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် အချက် (၁၄) ချက်အား နှစ်ဘက် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
သို့သော် လက်တွေ့၌ မြန်မာ အစိုးရတပ်မှ စစ်ရေး လှုပ်ရှားမှုများကို ချိုးဖောက်နေခြင်း၊ လူထုတောင်းဆိုမှုကို လက်မခံဘဲ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း ဆက်လက် တည်ဆောက် ခြင်းနှင့် ရွာသစ်ဆည် ရေကာတာ စီမံကိန်း အပါဝင် အခြား အကြီးစား စီမံကိန်းများအား လေ့လာခွင့် တားမြစ်ခံနေရသည်ဟုလည်း ဆိုသည်။
ထို့အပြင် အပစ်ရပ်ပြီးချိန်မှစ၍ ကရင်နီ စစ်ပြေး ဒုက္ခသည် ဘဝမှ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်း ဒုက္ခသည် ဘဝသို့ ပြန်လည်ရောက် ရှိလာသည့်အတွက် အစိုးရက စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် မြင်သာသည့် နိုင်ငံရေး ဖြေရှင်းချက်များ ပါ၀င်သော ဘဝ အာမခံ ချက်ရှိသည့် ဒုက္ခသည် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် တို့ကို စီစဉ်ပေးရန် လိုအပ်သည်ဟုလည်း ဆိုသည်။
ဒုက္ခသည် ပြန်လည် နေရာ ချထားရေးကို အကောင်အထည် မဖော်မှီ နှစ်ဦးနှစ်ဘက် သဘော တူညီချက် ရှိသည့်အတိုင်း အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း စီမံကိန်းနှင့် အခြား စီမံကိန်ကြီးများ ဝင်ရောက် လုပ်ကိုင်ရေးကို ပြည်သူ့ ဆန္ဒရယူ သင့်သည်ဟု KCSN မှ ထောက်ပြ ပြောဆိုလိုက်သည်။
“KNPP ဘက်ကတော့ သဘော တူညီချက် တွေကို လေးစားပြီး အကောင်အထည် ဖေါ်မယ်လို့ ခံယူထားတာဗျ။ ဒါပေမဲ့ အစိုးရ အဖွဲ့ ဖြစ်တဲ့ ဦးအောင်မင်းတို့ ကတော့ မူအရ သဘော တူညီချက်ဘဲ သဘောထားပါတယ် ဆိုတဲ့အတွက် လက်ရှိ KNPP နဲ့အစိုး ရ တို့ရဲ့ သဘော တူညီချက်ဟာ လက်တွေ့ဖြစ်ပါ့မလားလို့ ကျနော်တို့ သံသယဝင် လာတယ်ဗျ” ဟု တော်ရယ်ဖိုးက ဆိုသည်။
အခမ်းအနား အပြီးတွင် အစိုးရမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာရန်နှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကို အမြန်ဆုံး ပြုလုပ်ရန် တောင်းဆိုချက် တစ်ဆောင် ထုတ်ပြန် လိုက်သည်။
KCSN အဖွဲ့အား ကရင်နီ လူမှုအသင်းအဖွဲ့ (၉) ဖွဲ့ဖြင့် ၂၀၀၉ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် KNPP တို့၏ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အပေါ် လေ့လာစောင့်ကြည့်သွားမည်ဟု သိရသည်။