ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုက္ကဌ ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ ယနေ့ ပြုလုပ်သည့် တရုတ်ပြည် ရွှေလီမြို့ ဆွေးနွေးပွဲ ထိရောက်မှု မရှိကြောင်း၊ ဆွေးနွေးပွဲကို လေ့လာနေသည့် ကချင် ခေါင်းဆောင် တဦးက ပြောဆိုလိုက်သည်။
ယနေ့ ဆွေးနွေးပွဲတွင် KIO ဘက်မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ခြင်း မရှိသလို အစိုးရဖက်က ကာကွယ်ရေး ၀န်ကြီးဌာန အထူး စစ်ဆင်ရေးမှူး (ကထစ)မှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မရှိသည့်အပေါ် ကချင်ခေါင်းဆောင်က အခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီလိုဗျ။ အစိုးရက အပစ်ရပ်ရေး ကိုဘဲ လိုချင်နေတာကို ကချင်က သိတယ်ဗျ။ ကချင်ကတော့ နိုင်ငံရေး အရ ဆွေးနွေးပြီး အဖြေရှာချင်နေတယ် ဒီတိုင်းရင်းသား အခွင့်အရေးတွေ အတွက်။ အခု အစိုးရက လုပ်ထားတဲ့ ပုံစံမျိုးလို၊ တခြား တိုင်းရင်းသား တွေနဲ့ အပစ်ရပ် ထားပြီးတော့ နိုင်ငံရေး အမြတ်ထုတ် နေတာကို ကချင်ဖက်က မလိုလားဘူး။ ဒါကြောင့် နှစ်ဖက်စလုံးက ခြေမြင်နေကြတော့ ဗိုလ်ချုပ် ဂွမ်မော်မပါလို့ ဆိုပြီး အစိုးရဖက်က စစ်ရေး ကိစ္စကို အကြောင်းပြ နေတာပေါ့၊ ဒါကြောင့် အခု ဆွေးနွေးပွဲက မထိရောက် တော့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၉)ဒေသအတွင်း စစ်ရေးအခြေအနေ ရှုပ်ထွေးနေသည့်အတွက် ဗိုလ်ချုပ် ဂွမ်မော် အနေဖြင့် ရွှေလီ ဆွေးနွေးပွဲသို့ မတက်ရောက် နိုင်ကြောင်း ကချင်ဖက်မှ အကြောင်းပြ နေသော်လည်း လက်တွေ့တွင် ထိုဒေသ၌ တိုက်ပွဲ ပြင်းထန်မှု မရှိကြောင်း ဒေသခံ ပလောင် တပ်မှူး တဦးက ပြောဆိုသည်။
ယင်း အခြေအနေများကြောင့်ယနေ့ ဆွေးနွေးပွဲသည် တရားဝင် ဆွေးနွေးပွဲမှ အလွတ်သဘော ဆွေးနွေးပွဲ ဖြစ်သွားခဲ့သလို KIO ဖက်က နိုင်ငံရေးအရ ဆွေးနွေးရန် အဓိက တောင်းဆိုနေပြီး အစိုးရ ဘက်ကမူ မြစ်ကြီးနား-ပူတာအို ကားလမ်းလုံခြံုရေး၊ တာပိန် ရေအား လျှပ်စစ် စီမံကိန်း ပြုပြင် ထိန်းသိမ်းရေး၊ ကချင်ပြည်နယ် အတွင်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူများကို ၂ ဖက် ပူးပေါင်း ကူညီ ဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် စစ်ရေး အရှိန် လျှော့ချရန် တောင်းဆို ခဲ့ကြောင်း သိရသည်။
“အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေ ရှင်းတာ မဟုတ်ပဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျနော်တို့ ထပ်မံ တောင်းဆိုပါတယ်” ဟု ကချင် လွတ် မြောက်ရေး အဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲ၌ တင်ပြခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2265--kia-.html
အစိုးရဖက်မှ မကြာမီ နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပနိုင်ရန် ဆန္ဒရှိပြီး ပြည်တွင်း၌ ဆွေးနွေးနိုင်ရန် တင်ပြသွားသည်။
ဆွေးနွေးပွဲ တက်ရောက်သော အစိုးရ ကိုယ်စားလှယ်များမှာ-
၁။ ဦးအောင်မင်း (ဒု-ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ပြည်ထောင်စု ၀န်ကြီး၊ သမ္မတရုံး ၀န်ကြီးဌာန)
၂။ ဦးဝင်းထွန်း (ပြည်ထောင်စုဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန)
၃။ ဦးအုန်းမြင့် (ပြည်ထောင်စု ၀န်ကြီး၊ မွေး/ရေ ၀န်ကြီးဌာန)
၄။ စဝ်အောင်မြတ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
၅။ ဦးလဂျွန်ငန်ဆိုင်း (ကချင်ပြည်နယ်ဝန်ကြီးချုပ်)
၆။ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
၇။ ဗိုလ်မှူးချုပ် အောင်စိုး (အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၈။ ဦးထွန်းထွန်းဦး (ဒုတိယ-ရှေ့နေချုပ်)
၉။ ဗိုလ်ချုပ် ဇော်ဝင်း (ဒု-၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန)
၁၀။ ဗိုလ်မှူးကြီး သန်းအောင် (ကချင်ပြည်နယ် နယ်/လုံဝန်ကြီး)
၁၁။ ဗိုလ်မှူးကြီး အောင်သူ (ရှမ်းပြည်နယ် နယ်/လုံဝန်ကြီး)
၁၂။ ဗိုလ်မှူးကြီး ကျော်စိုးဝင်း (ကာချုပ်ဦးစီးရုံး) တို့ဖြစ်သည်။
KIO ဖက်မှ တက်ရောက်ကြသည့် ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင်များမှာ-
၁။ ဦးဆွမ်လွတ်ဂမ် (အဖွဲ့ခေါင်းဆောင်)
၂။ ဦးလဖိုင်လ (အဖွဲ့ဝင်)
၃။ ဦးဇော်ရော် (အဖွဲ့ဝင်)
၄။ ဦးခွန်နောင် (အဖွဲ့ဝင်)
၅။ ဦးဂျီးနောင် (အဖွဲ့ဝင်)
၆။ ဦးဇော်တောင် (အဖွဲ့ဝင်)
၇။ ဦးနော်ထွယ် (အဖွဲ့ဝင်)
၈။ ဦးခွန်ဆိုင်း (အဖွဲ့ဝင်)
၉။ ဦးဆိုင်းခေါ (အဖွဲ့ဝင်) တို့ တက်ရောက်သည်။