UNODC , RCSS နှင့် အစိုးရ မူးယစ်တိုက်ဖျက်ရေး သဘောတူညီချက် ၉ ချက်ချ

UNODC , RCSS နှင့် အစိုးရ မူးယစ်တိုက်ဖျက်ရေး သဘောတူညီချက် ၉ ချက်ချ
by -
သျှမ်းသံတော်ဆင့်

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နှစ်ရက်ကြာကျင်းပခဲ့သည့် ‘သျှမ်းပြည်နယ် အစားထိုးဖွံ့ဖြိုးရေးနှင့် တရား မဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆွေးနွေးပွဲ’ ၌ UNODC , RCSS နှင့် အစိုးရတို့ အကြား သဘောတူညီချက် ၉ ချက် ရရှိကြောင်း သိရသည်။

သျှမ်းပြည် နယ် အစားထိုးဖွံ့ဖြိုးရေး နှင့် တရား မဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆွေးနွေးပွဲ
“ကျနော်တို့ ဆွေးနွေးတာက ၁၀ ချက်ပါတယ်။ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးမှာ လုံခြုံ ရေးအတွက် ပူးပေါင်းတပ်ဖွဲ့ဖွဲ့ဖို့ အစိုးရဘက်က လက်မခံဘူး၊ ဆိုလိုတာက ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ လက်နက်ကိုင် ပြီး သွားလာခွင့် မရှိဘူး။ အစိုးရတပ်ကတော့ ကျနော်တို့နယ်မြေထဲ အထိလဲ လက်နက်ကိုင်ဆောင်ခွင့် ရှိတယ်။ အဲ့ဒီလို။ အဲဒါကြောင့် ဒီအချက် ထပ်ဆွေးနွေးရမယ်၊ ဒါကြောင့် ကိုးချက်ဘဲ သဘောတူညီမှုရသွား တာ” ဟု အစည်းအဝေး၌ တက်ရောက်တူ RCSS အရာရှိတဦးက ပြောပါသည်။

သုံးပွင့်ဆိုင်သဘောတူညီချက် ၉ ချက်မှာ -

၁။ သျှမ်းပြည်နယ် မိုးနဲ နှင့် မိုင်းပန်မြို့နယ်တို့တွင် နိုင်ငံတော် အစိုးရ ၊  UNODC , RCSS တို့မှ ခန့်မှန်းလေ့လာမှုများပြုလုပ်သွားရန်၊

၂။ အဆိုပါမြို့နယ်များ၌ ခန့်မှန်းလေ့လာမှုများမှ ရသည့် အချက်အလက်များကို အခြေခံပြီး
ရှေ့ပြေးအစားထိုးစီမံကိန်း စံပြနေရာများအား နိုင်ငံတော်အစိုးရ UNODC နှင့် RCSS တို့မှ ပူးပေါင်းရွေး ချယ်သွားရန်။

၃။ရွေးချယ်ထားသော စံပြရှေ့ပြေး အစားထိုးစီမံကိန်းနေရာများတွင် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း အစီအစဉ်များအား ပူးပေါင်းရေးဆွဲပြီး လူထုအဖွဲ့အစည်းများအတွင်း ရှင်းလင်းချပြ၍ အကြံပေးမှုများ ရယူပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန်။

၄။ရွေးချယ်ထားသော စံပြရှေ့ပြေး အစားထိုးစီမံကိန်းနေရာများတွင် နိုင်ငံတော်အစိုးရ UNODC နှင့် RCSS တို့မှ အမြန်ဆုံးပူးပေါင်း အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန်။

၅။ UNODC အနေဖြင့် နိုင်ငံတော်အစိုးရ နှင့် RCSS တို့၏ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းနေရာ တို့တွင် နည်းပညာပံ့ပိုးကူညီပေးမှုများပြုလုပ်သွားရန်။

၆။ ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်မည့်ရှေ့ပြေးအစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနေရာ များတွင် လတ်တလောလိုအပ်မည့် ဘဏ္ဌာငွေ အထောက်အပံ့များနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ အလှူရှင်များထံမှ အကူအညီရရေးအတွက် UNODC မှဆက်သွယ်ညှိနှိုင်းဆောင်ရွက် သွားရန်။

၇။ RCSS အနေဖြင့် မိမိဒေသတွင်းရှိ ဒေသခံပြည်သူများနှင့် RCSS တပ်ဖွဲ့ဝင်များအားမူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး၊ မူးယစ် ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်မှု များအား အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန်။

၈။ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အ ထည်ဖေါ်ဆောင်ရွက်ရေးအတွက် မူးယစ်ဗဟိုအဖွဲ့၊ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ နှင့် RCSS တို့မှ Contact Person များသတ်မှတ်ပြီး အီးမေးလ်၊ ဖုန်း၊ သင့်တော်သည့်နည်းလမ်းတို့ ဖြင့် သတင်းများဖလှယ်သွားရန်။

၉။ မူးယစ်ဗဟို၊ UNODC နှင့် RCSS တို့မှ ပူးပေါင်းဆောင်ရွက်မည့်အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း နေရာများတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အထက်ဌာနများသို့ ဆက်လက် တင်ပြသွားရန်။

လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များက ကျင်းပခဲ့သည့် ‘သျှမ်းပြည်နယ် အစားထိုးဖွံ့ဖြိုးရေးနှင့် တရား မဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆွေးနွေးပွဲ’ သို့ မြန်မာ အစိုးရ မူးယစ်ဗဟိုရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်အောင် ဦးဆောင်သောအဖွဲ့ဝင် (၁၃) ဦး၊ သျှမ်း ပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS မှ ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ (၁၃) ဦး နှင့် UNODC  ကိုယ်စားလှယ်မစ္စတာဂျေဆန်အီလိုင်နှင့် အဖွဲ့ပါဝင်တက်ရောက်သည်။

Most read this week