ကရင်နီ(ကယား) ပြည်နယ်အတွင်း မြေမြုပ်မှိုင်း အန္တရာယ် လျှော့ချရေး အသိပညာပေး သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်မှာ သင်တန်းပြုလုပ်သွားခဲ့ပါတယ်။
သင်တန်းလာရောက် ပို့ချပေးတဲ့ နည်းပြဆရာတဦးဖြစ်တဲ့ Programme Manager DCA Humanitarian Mine Action Myanmar မှ Bjarne Ussing က အခုလို ကန္တာရဝတီတိုင်း(မ်)ကို ရှင်းပြပါတယ်။
"ကယားပြည်နယ် နေရာဒေသ အနှံ့အပြားမှာ မြေမြုပ်မှိုင်းတွေရော နောက် မပေါက်ကွဲသေးတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစွည်းတွေ ဖြစ်တဲ့ ကျည်ဆံဟောင်းတွေ လက်ပစ် ဗုံး ဟောင်းတွေ အများကြီး ရှိနေတယ်ဆိုတော့ ဒါတွေကို ကျနော်တို့က မရှင်းလင်းနိုင်သေးတဲ့ အချိန်မှာ ပထမ ဦးဆုံး ပြည်သူလူထုတွေ အားလုံး ဒီအကြောင်း နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ သိဖို့အတွက် မြေမြုပ်မှိုုင်း အန္တရာယ် အသိပညာ ပေးရေး သင်တန်းကို ပြုလုပ်ရတာပါ"
၎င်းမြေမြုပ်မှိုင်း အန္တရာယ် လျှော့ချရေး အသိပညာပေး သင်တန်းကို ပြည်နယ်အစိုးရ၊ လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ UNICEF အဖွဲ့နှင့် ဒိန်းမတ်နိုင်ငံမှ NGO အဖွဲ့တို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။
သင်တန်းကို ၂၃ ရက်မှ ၂၆ ရက်နေ့ အထိ ပန်ကန်းရပ်ကွက် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေး တပ်ဦး (ကလလတ) ရုံးမှာ ၄ ရက်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံ ၄၂ ဦး သင်တန်း တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းသားများထဲမှ မြေမြုပ်မှိုင်းနှင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှူံးသွားခဲ့သူ ဦးချစ်ထွေးက "တခါတလေ မိုင်းအကြောင်း ပြန်ပြောပြီဆိုရင် စိတ်မကောင်းစရာတွေဖြစ်တယ်။ ပြောမထွက်နိုင်တဲ့ အနေထားမျိုးမှာလဲရှိတယ်။ ဒါပေမယ့် အခုလို သင်တန်းတွေ လာပေးတာကတော့ ကောင်းတယ် ကျနော် ကိုယ်တိုင် မလုပ်နိုင်ရင်လည်း တခြားလူက လုပ်နိုင်မှာပဲ ကွင်းဆင်းတဲ့ အခါကြရင်ပေါ့" လို့ပြောပါတယ်။
၂၀၀၅ ခုနှစ်တွင် ကလလတအဖွဲ့မှ ကရင်နီတပ်စခန်း ညာမိုကုန်းကို စစ်ဆင်ရေး လုပ်နေတဲ့ အချိန်မှာ ဦးချစ်ထွေးက မြေမြုပ်မှိုင်းကို နှင်းမိခဲ့ခြင်းဖြစ်ပြီး ခြေထောက် ၂ ဖက်လုံး ဆုံးရှူံးသွားခဲပါတယ်။ ဦးချစ်ထွေးက "မိုင်းအကြောင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အခု ကျနော်တို့ ကယားပြည်နယ် ဟာလဲ တော်တော်လေးကို အေးချမ်းသွားပြီဆိုတော့ မိုင်းထပ်ထောင်ဖို့တော့ ရှိတော့မှာမဟုတ်ဘူးလို့ ထင်တယ်။ တကယ်လို့ ရှိခဲ့တယ် ဆိုရင်လည်း မိုင်းထပ်မထောင်တော့ဖို့ပေါ့နော် အဲဒီ မိုင်းကို တီထွင်တဲ့ လူပဲဖြစ်ဖြစ် လက်လုပ်မိုင်း ကိုလုပ်တဲ့ လူပဲဖြစ်ဖြစ်ပေါ့ နောက် ကျနော်တို့ ကယားပြည်မှာက စက်ရုံထုတ်မိုင်းက မရှိပါဘူး။ လက်လုပ်မိုင်းပဲ ရှိပါတယ်။ မိုင်း လုပ်တတ်တဲ့လူကလဲ ထပ်မလုပ်ဖို့ကိုပဲ ကျနော် ပြောချင်ပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ် ၁၀ နှစ် အတွင်းမှာ မိုင်းကင်းရှင်းတဲ့ နိုင်ငံ ဖြစ်လာပါလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ Jerry White ( Deputy Assistant Secretary , Policy , Partnership & Learning in the Bureau of conflict & Stabilization Operations) က လွိုင်ကော်မြို့သို ့ ရောက်ရှိစဉ် ကေအဲန်ပီပီအဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်က မှတ်ချက်ပေး သွားခဲ့ပါတယ်။