ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ ပစ်ခတ်သတ်ဖြတ်မှုအပေါ် ALP မှ ရှုတ်ချ

ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ ပစ်ခတ်သတ်ဖြတ်မှုအပေါ် ALP မှ ရှုတ်ချ
by -
နိရဥ္စရာ

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် မြန်မာစစ်တပ်မှ ရခိုင်အမျိုးသားများကို ပစ်ခတ်မှုအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ရှုတ်ချကြောင်း ပြောဆို လိုက်သည်။

မြန်မာစစ်တပ်မှ ပစ်ခတ်နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စု ဖွားတိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့် လုံးဝလွဲချော်ပြီး “သူခိုး ဓါးရိုးကမ်း”သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ပါတီ ကြေငြာချက်တွင် ဖော်ပြသည်။

“အစိုးရဘက်က ကိုင်တွယ်မှုကို ကျွန်တော်တို့က လုံးဝ တရားမျှတမှုမရှိဘူးလို့မြင်တယ်။ ဘာဖြစ် လို့ လည်းဆိုတော့ သူတို့ အရင်ကတည်းက ပြောထားတာရှိတယ်။ ရခိုင်ဘက်ကလည်းမပါ။ ဘင်္ဂလီ ဘက်ကလည်းမပါဘူးလို့ပြောတယ်။ ဒီလိုပြောတာကိုက မျှတမှုမရှိဘူး။ သူတို့ပြောနေတဲ့ တိုင်းရင်း သားညီနောင်ဆိုတဲ့ အထဲမှာ ရခိုင်တွေပါတယ်။ ဒါကြောင့် တဘက်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကို တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက လုံးဝမသင့်တော်ဘူးလို့မြင်တယ်” ဟု ရခိုင်ပြည် လွတ်မြောက်ပါတီမှ ခေါင်းဆောင် တဦးဖြစ်သူ ခိုင်သုခက ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်တွင် ပြဿနာများပေါ်ပေါက်လာရခြင်းမှာလည်း တစ်ဘက်နိုင်ငံမှ ခိုးဝင်လာသူ တဖြည်းဖြည်းများလာမူအပေါ် အစိုးရ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်းလည်း ခိုင်သုခက ပြောသည်။

ရသေ့တောင် ပြည်သူလူထုအစည်းအဝေးမှ ပြည်သူများ၏ တောင်းဆိုချက် တင်ပြချက်များကိုလည်း အစိုးရအနေနှင့် လိုက်လျှောရန်လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများနှင့် ဘင်္ဂလီများ အတူ ယှဉ်တွဲ နေထိုင်ရေးဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်ကြောင်း ခိုင်သုခမှ ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ဖြစ်ပွားသည့် ဆူပူမှုမှာ အခြား မြို့များသို့ ကူးစက်သွားပြီး စစ်တပ်မှ ပစ်ခတ်သည့် အတွက် ရခိုင်လူမျိုး (၁၀) ဦးကျော် သေဆုံးသွား ခဲ့ပြီ ဖြစ်သည်။

ယမန်နေ့နေ့လည်က ကျောက်တော်မြို့တွင် ဆူပူမှုအတွင်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသည့် ရခိုင် လူငယ်နှစ်ဦး အသု ဘအခမ်းအနားတွင်လည်း “တပ်မတော်သည် ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ပါ။ တပ်မတော် သည် အမျိုးသားရေးအတွက်—?” ဟု မေးခွန်းများ ထုတ်ထားသည့် စာတန်းပါ ပိုစတာများကို ကိုင်ဆောင်ပြီး ပြည်သူများက ဆန္ဒပြထုတ်ဖော် ခဲ့ကြသည်ဟု သိရသည်။

ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ စုစုပေါင်း သေဆုံးသူ ၆၄ ဦး နှင့် ဒဏ်ရာရသူ ၉၂ ဦးရှိပြီး လူနေအိမ် ၂၃၀၀ ကျော်ဆုံးရှုံးသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

Most read this week