အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ ကရင်နီ(ကယား)ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ငန်းတွေအားလုံးကို သိရှိနိုင်ဖိုY လွိုင်ကော်မြို့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လာရောက်တွေ့ဆုံ သွားပါတယ်။
လွိုင်ကော်မြို့သို့ လာရောက်ရခြင်းရဲ့ ပထမဆုံး အဓိကရည်ရွယ်ချက်က လူထုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင် သွားလာနိုင်ဖို့ မြေမြုပ်မိုင်းတွေရှိနေတဲ့ နေရာတွေကို ဖော်ထုတ်ရှင်းလင်း နိုင်ရေးကိစ္စဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး ဒု-ဝန်ကြီး Jerry White က ကန္တာရဝတီတိုင်း(မ်) ပြောပါတယ်။
“အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီး တဲ့နောက်မှာ ဘယ်လိုတွေ တိုးတက်မှုရှိ ထားသလဲဆိုတာ ကြည့်ဖို့ရယ် နောက် ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်ပြီးတော့ ဆောင်ရွက် တဲ့အခါမှာ လူသားချင်း စာနာထောက်ထားတဲ့ ဒီမိုင်းရှင်းလင်းရေး လုပ်ငန်းကို အခြေပြု ပြီးတော့ ရှေ့ဆက်လက်တွဲပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို လုပ်သွားမလဲဆိုတဲ့ အခွင့်အရေးတွေ ကိုလာပြီး ဆက်သွယ်ချင်လို့ပါ” လို့ ပြောပါတယ်။
လွိုင်ကော်မြို့မှာရှိတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့ကိုယ်စားလှယ်တွေနဲ့ ယမန်နေ့ကတွေ့ဆုံခဲ့စဉ်က မြေမြုပ်မိုင်း ရှင်းလင်းဖို့ကိစ္စတွေ ဆွေးနွေးသွားကြတာပါ။
မိုင်းရှင်းလင်းဖို့အတွက်ကို အစိုးရနဲ့ မတ်လ ရ ရက်နေ့က ပြည်နယ်အဆင့်တွေ့ဆုံ ဆွေးနွေးခဲ့စဉ်က အစိုးရဘက်မှ စက်တင်ဘာလ မတိုင်ခင်မှာ ရှင်းလင်းဖို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မလုပ်ဖြစ်ဘူးလို့ လွိုင်ကော်မြို့မှာရှိတဲ့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး ဒု-ဝန်ကြီးနဲ့ အမေရိကန်သံ အမတ်တွေနဲ့ တွေ့ဆုံခဲ့စဉ်က ပြန်လည်ပြောဆို ခဲ့ပါတယ်။
အခုလို မြေမြုပ်မိုင်းတွေရှိနေတဲ့ ကယားပြည်နယ်ဒေသဘက်ကို ကူညီ ရှင်းလင်းပေးနိုင်ဖို့ အမေရိကန်အစိုးရက ထောက်ပ့ံပေးမယ်လို့ Jerry White က ကန္တာရဝတီတိုင်း(မ်)ကို ပြောပြပါတယ်။
“အမေရိကန်အစိုးရက ဒီလူသားချင်းစာနာထောက်ထားတဲ့ မိုင်းဖြုတ်သိမ်းရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ လုပ်ငန်းစဉ် ဒါတွေအားလုံးအတွက် နံပါတ် ၁ ထောက်ပံ့ပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကယားပြည်နယ်မှာ ဘာတွေများ ဘယ်လိုလုပ်ပေးရမလဲ ဆိုတာလာပြီးတော့ လာကြည့်တာပါ” လို့ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် သံအမတ်တို့ KNPP အဖွဲ့ဝင်ကိုယ်စားလှယ်တို့ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကေတီ)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နဲ့ နိုင်ငံခြားရေး ဒု-ဝန်ကြီး Jerry White တို့က ယမန်နေ့မှာ ပြည်နယ် အစိုးရအဖွဲ့တွေ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့တွေ၊ ဘာသာရေး ဆိုင်ရာအဖွဲ့တွေ၊ ကက်သလစ် ဘုန်းတော်ကြီးတွေ၊ ဒေသခံ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ မြေမြုပ်မိုင်း အန္တာရယ် အသိပညာပေးရေး သင်တန်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ သွားရောက်တွေ့ဆုံ ခဲ့ကြပါတယ်။
ဒေသခံလူထုအခြေပြု လူမှုအဖွဲ့အစည်းမှ ဝန်ထမ်းတဦးက “Peace Building သင်တန်းတွေကို Swe Tha Har Social Services အဖွဲ့က ကယားပြည်နယ်အတွင်းမှာလည်း ပို့ချနေပါတယ်။ သူတို့ကနေလည်း ထောက်ပ့ံထားတယ်ဆိုတော့ အဲဒါလည်းလာပြီး လေ့လာ သုံးသပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။