သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ရွှေလီမြစ်အတွင်းရှိ ကျွန်းများပေါ်၌ မြို့ပြစီမံကိန်းအတွက် သိမ်း ယူထားသော မြေနေရာ၏ လျော်ကြေးကို ၁ ဧက သိန်း ၁၂၀ ဖြင့် ကုမ္ပဏီနှင့်ဒေသခံများ သဘောတူညီမှု ရရှိသွားကြောင်း သိရသည်။
“ပထမ အစည်းအဝေးတုန်းက ၁ ဧက သိန်း ၃၀၀ စ-တောင်းတယ်။ ကုမ္ပဏီက မပေးတော့ သိန်း ၂၀၀ နဲ့ ရပ်ထားတယ်။ သဘောတူညီချက်တော့ မရဘူး။ အောက်တိုဘာ ၂၄ ရက်မှာ ကုမ္ပဏီကလူတွေနဲ့ ဒေသခံ တွေ အစည်းအဝေး ထပ်လုပ်တယ်။ တောင်းထားတဲ့ သိန်း ၂၀၀ ကို လျှော့ပြီး သိန်း ၁၈၀ တောင်းတယ်။ ကုမ္ပဏီက မပေးနိုင်တော့ ၁၈၀ ကနေ ၁၅၀၊ ၁၅၀ ကနေ ၁၂၀ ဖြစ်သွားတာ” ဟု အစည်းအဝေး တက် ရောက်ခဲ့သူတစ်ဦးက ပြောပါသည်။
မြို့ပြစီမံကိန်းအတွက် မြေနေရာ ဈေးနှုန်း သတ်မှတ်နိုင်ရန် New Star Light ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် ဒေသခံများ ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်ရာ အစပိုင်း၌ ကုမ္ပဏီက ၁ ဧက သိန်း ၁၀၀ သာ ပေးနိုင်ကြောင်း၊ အားကစားကွင်း ပါသည့် အလယ်တန်းကျောင်း ၂ ထပ်ကျောင်းဆောင်နှင့် လမ်းများလည်း ကောင်းကောင်းမွန်မွန် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြောသည်ဟု ဆို၏။
“အစတော့ ၁ ဧက သိန်း ၁၂၀ လည်း ကုမ္ပဏီ က မပေးနိုင်ဘူးလို့ ပြောတော့ ဒေသခံတွေလည်း စိတ်ဆိုး ပြီး ထ-ပြန်သွားကြတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ ဆက်ဆွေးနွေးကြတော့ တည့်သွားတယ်။ ၁ ဧက သိန်း ၁၂၀ နဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ကျေနပ်တယ်ဆိုတဲ့ အကြောင်း လက်မှတ်ထိုးလိုက်တယ်။ သိန်း ၁၂၀ ရတာကို ဒေသခံတချို့ သိတာရှိသလို မသိသေးတဲ့သူ လည်း ရှိတယ်” ဟု ၎င်းက ဆက်ပြောပါသည်။
မူစယ်မြို့နယ် တော်ရွက်ရပ်ကွက်အုပ်စု ဝင် တော်ရွက်ရပ်၊ ဖွေးဟုန်ရပ်နှင့် ဟိုဆောင်ရပ် တလျှောက်ရှိ ရွှေလီမြစ်ဝှမ်း ကျွန်းပေါ်၌ မြို့ပြစီမံကိန်း တည်ဆောက်ရန် မြေနေရာ လျော်ကြေးအတွက် အောက်တိုဘာ ၂၂ ရက်၌ ပထမအကြိမ် အစည်းအဝေး၌ ဒေသခံများက ၁ ဧက သိန်း ၃၀၀ တောင်းခဲ့ရာမှ သိန်း ၂၀၀ အထိ လျှော့ပေးခဲ့သည်။
အဆိုပါ ကျွန်းပေါ်၌ ဒေသခံများက ပြောင်းဖူးနှင့်ကြံ စိုက်ပျိုးရောင်းချပြီး ဘုန်းကြီးကျောင်း၊ ဇရပ် ပြုပြင် ဆောက်လုပ်ကာ ရပ်ရွာရံပုံငွေ စုဆောင်းထားခြင်း ပြုလုပ်နိုင်ခဲ့ကြောင်း ဒေသခံများပြောပါသည်။