ကချင်လူငယ်ကွန်ဖရင့် မလေးရှားမှာ ကျင်းပ

ကချင်လူငယ်ကွန်ဖရင့် မလေးရှားမှာ ကျင်းပ
by -
မဇ္စျိမ

ကချင်လူငယ်များအကြား နိုင်ငံရေးနှင့် အမျိုးသားရေးအသိ ပိုမို နိုးကြားလာစေရန် အတွက် နိုင်ငံတကာရောက် ကချင်လူငယ်များ ကွန်ဖရင့်တရပ်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပနေကြောင်း သိရှိရသည်။

၃ ရက်တာ ကျင်းပမည့် အဆိုပါ ‘One Kachin Youth Conference’ (တခုတည်းသော ကချင်လူငယ် ကွန်ဖရင့်)ကို ကြာသပတေးနေ့က စတင်ခဲ့ပြီး အမေရိကန်၊ စင်္ကာပူ၊ မလေးရှား၊ အင်္ဂလန်နှင့် မြန်မာပြည် တွင်းမှ ကချင်လူငယ် ၄ဝဝ ကျော် တက်ရောက်နေကြသည်ဟု ကွန်ဖရင့် ပြန်ကြားရေး တာဝန်ခံ မရှော့ မုန်နန်လ က ပြောသည်။

“ဒီမှာရှိတဲ့ လူငယ်တွေကို နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လူငယ် အချင်းချင်း တွေ့ဆုံ ဖလှယ်ကြ တာပါ။ ခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေအပေါ် မိမိတို့ အတွေ့အကြံုတွေကို ဖလှယ်ကြတယ်။ ရှေ့ဆက်ပြီး ဘယ်လို ရပ်တည်သွားမယ်။ နိုင်ငံရေးပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာတွေ ဆွေးနွေးကြပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ကချင်လူငယ်များအကြား နိုင်ငံရေးနှင့် အမျိုးသားရေးအသိ ပိုမို နိုးကြားလာစေရန် အတွက် နိုင်ငံတကာရောက် ကချင်လူငယ်များ ကွန်ဖရင့်တရပ်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပ ...
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လူနည်းစု တိုင်းရင်းသားများအရေးနှင့် စစ်အာဏာသိမ်းယူနိုင်ရန် ခွင့်ပြုထား သည့် ဥပဒေ ပုဒ်မများအကြောင်းကို ရှေ့နေကြီး ဒူဝါမဂေါ်ခွန်ဆား က တက်ရောက် ရှင်းပြခဲ့သည်ဟု ဆိုသည်။

“ဒီဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ရင် လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကျဆုံးစေတယ်။ ဘယ်လို ပုဒ်မတွေက ဘယ်လို ပြောထားတယ်ဆိုတာ ရှင်းပြတယ်။ ဘယ်လို ဥပဒေက တိုင်းရင်းသားတွေ သမ္မတ မဖြစ်နိုင်ဘူး။ စစ်တပ်က အချိန်မရွေး အာဏာသိမ်းနိုင်တဲ့ ဥပဒေတွေ ရေးထားတယ်။ စစ်တပ်ပဲ ချုပ်ကိုင်ထားနိုင်တယ် ဆိုတာတွေကို ပုဒ်မ တွေကို ထောက်ပြပြီးတော့ ရှင်းပြတယ်” ဟု ကိုမရှော့ မုန်နန်လ က ပြောသည်။

ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာကြီး မရန် ဂျာဂွန်း ကလည်း ကချင့်သမိုင်းနှင့် ကချင့်ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာများကို ဟောပြောခဲ့သေးသည်။

ညပိုင်းတွင် မလေးရှားရောက် လူငယ်များက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ယူနီဖောင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ကချင်ရိုးရာ အကများဖြင့် ဖျော်ဖြေမှုများ ပြုလုပ် ကျင်းပခဲ့ကြပြီး တက်ရောက်လာသော လူငယ်များမှ စစ်ပြေး ဒုက္ခသည်များအတွက် အလှူငွေအဖြစ် ရစ်ဂစ် ၃,ဝဝဝ (ဒေါ်လာ ၁,ဝဝဝ) ကျော် ထည့်ဝင်ခဲ့ကြသည်။

နောက်နေ့ဆွေးနွေးပွဲများတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး ပြဿနာများအပေါ် လူငယ်များအချင်းချင်း အမေး၊ အဖြေများ ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။