အီးဒ်နေ့တွင် ဝတ်ပြုဆုတောင်းမှု ပြုမည်၊ ကုရ်ဘာနီ လုပ်မည်မဟုတ်

အီးဒ်နေ့တွင် ဝတ်ပြုဆုတောင်းမှု ပြုမည်၊ ကုရ်ဘာနီ လုပ်မည်မဟုတ်
by -
မဇ္စျိမ

စနေနေ့တွင် ကျရောက်သည့် ကုရ်ဘာနီ အီးဒ်နေ့အဖြစ် ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်မည်ဖြစ် သော်လည်း ကုရ်ဘာနီပြုခြင်းကိုမူ ရှောင်ကြဉ်ကြမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာ အဖွဲ့က ထပ်လောင်း အတည်ပြု ပြောကြားလိုက်သည်။

“မနေ့က တိုင်းအစိုးရအဖွဲ့နဲ့ရော သာသနာရေးဝန်ကြီးဌာနနဲ့ရော ခေါ်လို့ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကတော့ အီးဒ်ပွဲတော် ကျင်းပဖို့အတွက် ခေါ်တာပါပဲ။ ကျနော်တို့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ် အဖွဲ့ခွဲတွေက မလုပ်ဘူးချည်းပဲ အကြောင်းကြားပါတယ်။ ကျနော်တို့ကတော့ ဒီနှစ် အီးဒ်ပွဲတော်မှာ ကုရ်ဘာနီပြုဖို့ မရှိပါဘူး” ဟု အဖွဲ့၏ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ က ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် မြန်မာမူဆလင်များ အစည်းအဝေးတွင် မော်လဝီအဖွဲ့ချုပ် တက်ရောက်နိုင်ခြင်းမရှိခဲ့၍ ထိုနေ့ဆုံးဖြတ်ချက်ဖြစ်သော အီးဒ်နေ့ ပွဲတော် မကျင်းပရန်ကို ထိုအဖွဲ့ချုပ်က သဘောမတူကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့သည်။

သို့သော် ကြာသပတေးနေ့က ထပ်မံပြုလုပ်သည့် မော်လဝီအဖွဲ့ချုပ် အပါအဝင် အိုလမာအဖွဲ့ချုပ်၊ အစ္စလာမ်ကောင်စီ ဌာနချုပ်၊ မမလ ဌာနချုပ်နှင့် မူဆလင် အမျိုးသားရေး အဖွဲ့ချုပ်တို့၏ ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်သည့် အစည်းအဝေးမှ ယခုနှစ် အီးဒ်နေ့တွင် တနိုင်ငံလုံး ကုရ်ဘာနီမပြုရန် ထပ်မံအတည်ပြု ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ကြောင်း ဦးဝဏ္ဏရွှေ က ရှင်းပြသည်။

“မနက်ဖြန်ခါမှာ အီးဒ်နေ့ဖြစ်တဲ့အတွက် ကုရ်ဘာနီပြုတာတော့ မလုပ်ဘူး။ ဆုတောင်းတာ ရှိမယ်။ ဝတ်ပြုတာရှိမယ်။ ဒါပါပဲ။ ကုရ်ဘာနီပြုတယ်ဆိုတာကတော့ သားကောင်ကို လှီးတာကို ဆိုလိုတာပါ” ဟု မဇ္စျိမကို ပြောသည်။

ကြာသပတေးနေ့ သဘောထားကြေညာချက်ပါ မြန်မာမူဆလင် အဖွဲ့ ၅ ဖွဲ့ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ ဟူ၍ တရားဝင် အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက အီးဒ် ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပရန်နှင့် လုံခြံုရေးအပြည့် အဝပေးမည် ဟု ပြောဆိုထားကြောင်း သိရှိရသည်။

သို့သော် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ သေဆုံးဒဏ်ရာမှုများနှင့် ဒုက္ခခံစား နေရမှုများကို “စိတ်မချမ်းမြေ့”ကြောင်း ပြသသည့်အနေဖြင့် ကုရ်ဘာနီပြုခြင်းကို ယခုနှစ်စွန့်လွှတ် ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Most read this week