အနောက်ဘက် နယ်စပ် မြန်မာဘက်က လုံခြံုရေး အနည်းငယ် တိုးမြှင့်

အနောက်ဘက် နယ်စပ် မြန်မာဘက်က လုံခြံုရေး အနည်းငယ် တိုးမြှင့်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ဆူပူများကြောင့် ဘင်္ဂလားဒေချ့် နှင့် နယ်စပ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ အနောက်ဘက် မောင်တောဒေသ နယ်စပ်လုံခြံုရေးကို မြန်မာဘက်မှ ယခင်က ထက် အနည်းငယ် တိုးမြှင့်ထားသည်ဟု သတင်း ရရှိသည်။

(ဓါတ်ပုံ ဘီဘီစီ)
“ဇွန်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းက မောင်တောဘက်မှာ စစ်တပ်အင်အား ရ၀၀ ခန့် ချထားတယ်။ ဒီလ အောက်တိုဘာ၂၁ ရက်နေ့က စတဲ့ အရေးအခင်း နောက်ပိုင်းမှာ နောက်ထပ် အင်အား ၃၀၀ ခန့် တိုးချဲ့ ချပါတယ်။ အခုလောလောဆယ်မှာ စုစုပေါင်း စစ်တပ် အင်အား ၁၀၀၀ခန့် ရှိနိုင်ပါတယ်” ဟု စစ်ဘက်နှင့် နီးစပ်သူ မောင်တောမြို့ခံတဦးက နိရဥ္စရာသို့ ပြောသည်။

ယခုတိုးချဲ့ချလာသည့် တပ်ရင်းများမှာ ဘူးသီးတောင် အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခမရ (၃၅၄)နှင့် ကျောက်တော်အခြေစိုက် (၃၇၄) တို့ ဖြစ်သည်ဟု သိရသည်။

တိုးချဲ့ စစ်တပ် အင်အားကို မောင်တောတောင်ပိုင်း နယ်မြေ(၁) အင်ဒူလာနှင့် ဘော်ဒူလာ၊ (၂) အောင်သပြေ (၃) တောင်ပြို ဒေသများ တို့တွင် တိုးချဲ့ချထားသည်ဟု ဆိုသည်။ တောင်မြို့ ဗျူဟာမှူး အဖြစ် ဗိုလ်မှူး သော်တာထွေးမှ  ယာယီ တာဝန် ယူထားသည်ဟု သိရသည်။

ဘူးသီးတောင် လုံထိန်း တပ်ရင်း (၁၀)မှ တပ်ဖွဲ့များကို မောင်တောမြို့နယ်ရှိ နယ်မြေ (၇)အလယ်သံကျော်၊ (၈) မြင်းလွတ်၊ (၉)အင်းဒင်၊ (၁၀) ကိုးဒန်ကောက်၊ (၁၁) အငုံမော်ဒေသတို့တွင် တိုးချဲ့ ချထားသည်ဟု ဆိုသည်။

နေပြည်တော်မှ တိုက်ရိုက် ဆင်းလာသည့် စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ) တပ်ဖွဲ့မှ တပ်သားများကို နယ်စပ်ဒေသ ကွပ်ကဲရေး (နစက) နယ်မြေတခုလျှင်(၅) ဦးစီ ခွဲဝေချထားသည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့ ဆူပူမူများ ဖြစ်ပေါ်နေသဖြင့် မောင်တောမြို့ တောင်ပိုင်း ဖက်ဝန်းချောင်း၊ ခြံပြင်၊ ကပ်ပကောင်း၊ စံပါယ်ပင်ရင်း၊ သရက်အုပ်၊ သရက်တောင်တို့မှ မသန်စွမ်း သူများ၊ ကိုယ်ဝန်သည်များ၊ အသက် အရွယ် ကြီးရင့်နေသူများနှင့် ကလေး သူငယ်များတို့ကို လွန်ခဲ့သည့် ရက်အနည်းငယ်က စပြီး မောင်တောမြို့ ထဲသို့ ပြောင်းရွှေ့ လာခဲ့သည်ဟု သိရသည်။

“ဟုတ်တယ်။ အခုက အစ္စလာမ်ဘာသာတို့ ဆင်နွဲမယ့် အိဒ်ပွဲအတွင်း တခုခုဖြစ်လာနိုင် တယ်ဆိုတဲ့ ကောလဟလ ဖြစ်နေတဲ့သတင်း ကြောင့် ဒေသအာဏာပိုင်တပ်ဖွဲ့တွေက ရွာတွေကို အသိပေးလို့ ခုလို လုံခြံုရေးနဲ့ ဝေးလန်ခေါင်းပါးတဲ့ ကျေးရွာ တွေကနေ မသန်စွမ်းတဲ့ လူတွေနဲ့ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေကို မြို့ပေါ်ကို ပို့ထားတာဖြစ်တယ်လို့ သိရပါတယ်” ဟု မောင်တောမြို့ခံ အမျိုးသမီး ကြီးတဦးက ပြောသည်။

မောင်တောမြို့ပေါ်သို့ ရောက်ရှိလာသူများကို  မောင်တော ရပ်ကွက် အမှတ် (၃) စာသင်ကျောင်း၌ နေရာချထားပေးထားပြီး အရေအတွက်မှာ  ရ၀ နီးပါးခန့် ရှိကြောင်း သိရသည်။  တချို့သူများမှာ
၎င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေကြသည်ဟု သိရသည်။

အောက်တိုဘာ ၂၁ရက်နေ့က ရခိုင်ပြည်နယ် အတွင်း စတင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် ယခုအခါ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ အတွင်း သွားလာနေသည့် ငါးဘုတ်၊ သစ်ဘုတ်၊ ဆန်ဘုတ်များ ၀င်ထွက်သွားလာမူ ရပ်တန့် သွားခဲ့ရပြီး နှစ်နိုင်ငံအကြား နယ်စပ်ကိုလည်း မနက်ဖြန်တွင် စတင် ပိတ်မည််ဟု သိရှိရသည်။

Most read this week