ရခိုင် ပဋိပက္ခများကို အစိုးရ ထိရောက်စွာ ဖြေရှင်းရန် NLD တိုက်တွန်း

ရခိုင် ပဋိပက္ခများကို အစိုးရ ထိရောက်စွာ ဖြေရှင်းရန် NLD တိုက်တွန်း
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေသော ပဋိပက္ခများ ထိန်းသိမ်းရေးရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် လုံခြံုရေးတာဝန်ရှိသူများ ထိထိ ရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တိုက်တွန်းလိုက်သည်။

ဇွန်လအတွင်းက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် လူမှုအသိုက်အဝန်း နှစ်ခုအကြား အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သော NLD က အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ထကြွလာသော ဆူပူအကြမ်းဖက်မှုများအပေါ် ကြာသပတေးနေ့ ရက်စွဲဖြင့် တရားဝင် သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

“ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ လူမျိုးတို့အကြား” ဖြစ်ပွားခဲ့သော “ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေနေရး အတွက် နိုင်ငံတော်အစိုးရနှင့် လုံခြံုရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယ စိုက်ထုတ်ဆောင်ရွက်ရန် လိုအပ်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် “ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ရန်” လည်း ထပ်မံတိုက်တွန်းထားသည်ကို တွေ့ရ သည်။

တနင်္ဂနွေနေ့က ပြန်လည်စတင်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ခြောက်ဦး သေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

နိုင်ငံပိုင် သတင်းစာများအရမူ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး မြို့နယ်များအတွင်း “လူမျိုးစုအချင်းချင်း ပဋိပက္ခ ဖြစ်ပွားမှုများ” ကြောင့် လူ သုံးဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အိမ်ခြေ ၁,၈ဝဝ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်နယ်နှင့် တိုင်းပြည်အတွင်း ဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း အကြမ်းဖက်မှု များ ရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ အသက်အိုးအိမ်လုံခြံုစေရေး စသည့် အစိုးရ တရပ်၏ လုပ်ဆောင်ရမည့် တာဝန်ကို အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ကြရန် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

“သွေးထိုးလှုံ့ဆော်မှုနှင့် ထောင်ချောက်များအထဲကို ဝင်မသွားဖို့ သတိကြီးစွာ ထားသင့်ပေသည်။ မူဆလင်များဖက်မှ လည်း ဒေသခံ ရခိုင်လူမျိုးများကို အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုး ဆက်မလုပ်ကြဖို့၊ ရခိုင်အမျိုးသားများ အနေဖြင့် လည်း ရန်ကို ရန်ချင်း တုန့်ပြန်မည့်အစား မိမိတို့နည်းဟန်ဖြင့် မိမိတို့ လုံခြုံရေးကို စည်လုံးညီညွတ်စွာဖြင့် ကာကွယ်စောင့်ရှောက်ကြရန်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပ၊ အမေရိကန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောက်ရှိနေသော ရခိုင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ အဆိုပါကြေညာချက်တွင် ယခုကဲ့သို့ ဆက်လက် အကြမ်းဖက် နေကြပြီး အစိုးရ အာဏာပိုင်များကလည်း ပြီးစလွယ် လုပ်နေကြလျှင် ရခိုင်အရေးအခင်းသည် မြန်မာနိုင်ငံအတွင်း သာမက ဒေသတွင်း မငြိမ်မသက်မှုများနှင့် နိုင်ငံတကာ ပြဿနာအဖြစ်သို့ ရောက်ရှိလာကာ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း သုံးသပ်ထားသည်။

ကြာသပတေးနေ့ နံနက် ၈ နာရီခွဲချိန်တွင် ရသေ့တောင်မြို့နယ် မဇဲကမ်း၊ ညောင်ပင်ကြီးကျေးရွာ အနီး စုဝေး ရောက်ရှိလာသော ရခိုင်များကို လုံခြံုရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျွမ်းကြီးရွာမှ လှသိန်းမောင်၊ ကပ်ချောင်းကျေးရွာမှ အောင်ဇံဝေတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခြောက်ဦး ကျည်ဆံထိမှန်မှု ရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း သတင်းရရှိသည်။

လက်ရှိ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အသေးစိတ် အချက်အလက်များကို မကြာမီ သတင်းထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

Most read this week