အပစ်ရပ်ရန် ရက်သတ်မှတ်ပြီးသော်လည်း တိုက်ပွဲ ဖြစ်နေဆဲ

အပစ်ရပ်ရန် ရက်သတ်မှတ်ပြီးသော်လည်း တိုက်ပွဲ ဖြစ်နေဆဲ
by -
ကချင်သတင်းဌာန

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှစ်ဖက် ကိုယ်စားလှယ်တို့ တရုတ်ပြည် ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီမှု ရထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား(၁) စီးအား KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ၂၃ ရက်နေ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ရှေ့တန်းရှိ KIA အရာရှိတဦးက ပြောသည်။

“ကားက အားလုံးပျက်စီးသွားတယ်။ အယောက် ၂၀ ကျော်လောက် ကားထဲမှာပါတယ်။ အချို့က ခြေကျင်နဲ့သွားကြတယ်။”

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် ကားလမ်းအကြား ဖာဂီ (Hpa Gyi) ကျေးရွာအနီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အင်အား (၅၀) ကျော် ပါ၀င်၍ ရှေ့တန်းတပ်စခန်းများသို့ အင်အား ဖြည့်တင်းရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရကြောင်း ဆက်လက် ပြောဆိုသည်။

ဖာဂီ (Hpa Gyi) ရွာသည် ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံခဲ့ရပြီးနောက် ည ၁၀ နာရီချိန်ခန့်တွင် အစိုးရတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်က ၎င်းကျေးရွာ သို့ ပြန်လည် ရောက်လာပြီး သေနတ်များအဆက်မပြတ် ပစ်ခတ်ခဲ့သလို ဒေသခံများနှင့် ရွာသူကြီးများအား  စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းသိရသည်။

အစိုးရတပ်မှ ဒဏ်ရာရရှိသူများကို ယမန်နေ့ ညနေ ၂ နာရီချိန်က ဒေါ့ဖုန်းယန် အခြေစိုက် ခလရ (၁၄၂) တပ်စခန်းမှ မြစ်ကြီးနားဘက်သို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

အလားတူ KIA တပ်မဟာ (၅) လက်အောက်ခံ တဆပ်ရင်း (၁၈)မှ တပ်ဖွဲ့ဝင်များက မြစ်ကြီးနား နမ်ဆန်ယန်သွား ကားလမ်းရှိ နမ်ဆန်ယန် တံတားနှင့် လုံခြံုရေး စခန်းများသို့ အောက်တိုဘာလ (၂၃) ရက်နေ့က ပြောက်ကျားပစ်ခတ်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကြောင်း KIA အရာရှိ တဦးက KNG သတင်းဌာနသို့ အခုလို ပြောဆိုသည်။

“ကျနော်တို့က သူတို့ရှိတဲ့နေရာမှာ ပစ်ပြီးပြန်သွားတာ။ အဲဒီတံတားမှာ ခုတလော ဆက်တိုက် လောက်ဖြစ်နေတယ်။”

သို့သော် ယခုဖြစ်စဉ်များအား သီးခြား အတည်ပြုချက် မရရှိသေးပါ။

လာမည့် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည်ဟု သတင်းရရှိသည်။

Most read this week