၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်း ပထမဆုံးသော နာဂ နိုင်ငံရေး ပါတီအဖြစ် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NNLD ကို တရားဝင် မှတ်ပုံတင်တော့မည်ဟု သိရှိရသည်။
၁၉၉၇ ခုနှစ်က မြန်မာ-အိန္ဒိယ နယ်စပ်တနေရာတွင် စတင်ဖွဲ့စည်းခဲ့သည့် NNLD ၏ ညီလာခံတရပ်ကို ယခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ပြီး ထိုသို့ တရားဝင် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစောစ က ပြောသည်။
“ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်။ ဒေါ်စုနဲ့ တွေ့ပြီးရင် ကျနော်တို့ အဖွဲ့ဝင်တွေ အထဲကို ပြန်လွှတ်မယ်။ နာဂတောင် တန်းမှာ စည်းရုံးရေးတွေ လုပ်သွားမယ်။ မှတ်ပုံတင်မယ့် ကိစ္စရပ်တွေ ဆောင်ရွက်သွားမယ်” ဟု မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ လေရှီးမြို့တွင် ကျင်းပသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအတွက် စောင့်ဆိုင်းနေကြသော နာဂအမျိုးသမီးလေးများ။ (ဓါတ်ပုံ - မဇ္စျိမ)
အိန္ဒိယနိုင်ငံ၊ နာဂလဲန်းပြည်နယ်၊ ဒင်မာပူမြို့တွင်ကျင်းပခဲ့သည့် ညီလာခံသို့ မြန်မာနိုင်ငံ နာဂတောင်တန်း ဒေသရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဆွေးနွေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ “စစ်မှန်သော ဒီမိုကရေစီ ရရှိရေး၊ ဖက်ဒရယ် နိုင်ငံ ထူထောင်ရေး၊ နာဂတိုင်းရင်းသားများအတွက် နိုင်ငံရေး အခွင့်အရေး (Political Status) ဖြစ်ရမယ်” ဟု ပါတီဥက္ကဋ္ဌ က ဆိုသည်။
၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲကိုမူ တိုင်းပြည်၏ ဒီမိုကရေစီအခွင့်အရေး ရရှိမှု အခြေအနေအပေါ် မူတည်၍ ဝင်ရောက် ယှဉ်ပြိုင်သင့်၊ မသင့်ကို ဆုံးဖြတ်မည်ဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ လလယ်တွင် လာရောက်သည့်အခါ နယူးဒေလီမြို့တွင် လာရောက် ကြိုဆိုမည်ဖြစ်ပြီး တွေ့ဆုံခွင့်ရရန် ကြိုးပမ်းကာ ပါတီမှတ်ပုံတင်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း ဦးစောစ က ပြောသည်။
လက်ရှိတွင် နာဂတောင်တန်းဒေသများ၌ နိုင်ငံရေးပါတီများအဖြစ် ကြံ့ခိုင်ရေးပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီတို့သာ ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း စည်းရုံးမှုများ စတင်လာနေကြောင်း တွေ့ရှိရ သည်ဟု ဆိုသည်။
ဖွံ့ဖြိုးမှု နိမ့်ကျလျက်ရှိနေသေးသည့် နာဂတောင်တန်းဒေသအတွက် “လမ်းပန်း ဆက်သွယ်ရေး အရင်လုပ်ရမယ်။ သူက ဖွံ့ဖြိုးရေးရဲ့ မိခင်ကျောရိုးပဲ။ ဒါမရှိတဲ့ အခါကျတော့ ဘာမှလုပ်လို့မရဘူး။ ပြီးတော့ အုပ်ချုပ်ခဲ့တဲ့ အစိုးရကလည်း တော်တော်လေးကို လျစ်လျူရှုခဲ့တယ်။ အမှန်အတိုင်း ပြောရရင် ဂရုမပြုသလောက်ပါပဲ” ဟု NNLD ပါတီဥက္ကဋ္ဌက သုံးသပ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားသည်။