RCSS နှင့် UNODC မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရန်ရှိ

RCSS နှင့် UNODC မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရန်ရှိ
by -
ရွှေဟင်္သာ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရာဇဝတ်မှု ဆိုင်ရာ ရုံး (UNODC) တို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆွေးနွေးပွဲကို ဤတပတ်အတွင်း ကျင်းပသွားရန် ရှိသည်ဟု RCSS အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

“ဒီ မူယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို UNODC အဖွဲ့က လာရောက် ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ် ဆိုတော့ ဘယ်လို ပူးပေါင်း လုပ်ဆောင်သွား ကြမလဲ ဆိုတာကို ဒီတွေ့ဆုံပွဲထဲမှာ အဖြေရှာကြတဲ့ သဘောပါ” ဟု ဆိုသည်။

ငရဲပန်းခေါ် ဘိန်းပင်များ (ဓါတ်ပုံ အင်တာနက်)
ဤအစီအစဉ်ကို RCSS/SSA အဖွဲ့နှင့် UNODC အဖွဲ့ အပြင် မြန်မာ အစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့တို့လည်း သုံးပွင့်ဆိုင် တက်ရောက် ဆွေးနွေး ရန် ရှိသည်ဟု သိရပြီး အောက်တိုဘာလ မကုန်မီ ရှမ်းပြည် တောင်ပိုင်း တာချီလိတ် (သို့မဟုတ်) ကျိုင်းတုံမြို့ ၌ တွေ့ဆုံရန် ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ (၁၉) ရက်နေ့က RCSS နှင့် မြန်မာ အစိုးရတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အား နှစ်ဖက် သဘော တူညီမှု ရရှိပြီး ဖြစ်သည်။

http://www.phophtaw.org/burmese/index.php/news/local-news/1623--rcssssa-...

လောလောဆယ် အစိုးရ၏ အမိန့် ကြေညာ စာအမှတ် ၁၇/၂၀၁၁ အရ RCSS စိုးမိုး နယ်မြေအတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် နှင့် ကျေးရွာ ကော်မတီ အလိုက် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့ကို RCSS/SSA မှ ဖွဲ့စည်း ထားပြီး ဖြစ်သည်။

လာမည့် တွေ့ဆုံ ဆွေးနွေးပွဲသို့ မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကုလသမဂ္ဂ တာဝန်ရှိသူများ ဖက်မှ မည်သူ တက်ရောက်မည်ကို မသိရ သေးသော်လည်း RCSS/SSA ဘက်မှ ဗိုလ်မှူးချုပ် စောဝ်ပေါင်ခေး ဦးဆောင်သည့် မူးယစ် ဆေးဝါး တိုက်ဖျက် ကာကွယ် တားဆီးရေး အဖွဲ့က တက်ရောက်မည်ဖြစ်ပြီး RCSS နှင့် ကုလသမဂ္ဂ တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။