ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည် အတွက် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းမှ မေရိကန် ဒေါ်လာ (၃) သိန်း ကူညီ မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ( UNFC ) အဖွဲ့၏ ဂျပန်နိုင်ငံ ခရီးစဉ်အဆုံး၌ အဖွဲ့ဝင်တစ်ဦး မှ ယနေ့ထုတ်ဖော် ပြောကြားပါသည်။
“လောလောဆယ် နိပွန် ဖောင်ဒေးရှင်းက က တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒုက္ခသည်တွေ အတွက်ကို အရင် ပေးဆောင်မှာ ဖြစ်တယ်။ သူတို့ ထောက်ပံ့ လိုက်တာက လောလောဆယ် လိုအပ်နေတဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ အတွက် ဖြစ်ပါတယ်။ တန်ဘိုးအာဖြင့် ဒေါ်လာ (၃) သိန်းလောက် ကူပေးမှာ ဖြစ်တယ်” ဟု ဆိုသည်။
UNFC သည် နိပွန်ဖောင်ဒေးရှင်း၏ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ် နိုင်ရေး နှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက် အရ ခွန်ဥက္ကာ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦး တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး ဆွေးနွေးခဲ့ရာမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လူမှုဖူလုံရေး အကူအညီပေးနိုင်ဖို့အတွက် နိပွန် ဖောင်ဒေးရှင်း ထိုင်းနိုင်ငံသို့ရောက်ရှိစဉ်က (UNFC) အဖွဲ့ဝင်များနှင့် စတင် ဆွေးနွေး ခဲ့သလို မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက်လည်း တိုင်းရင်းသားများနှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးပွဲ များကို အားပေးသွားမည်ဟု ပြောဆိုခဲ့ဖူးသည်။
တိုင်းရင်းသား ဒေသများရှိ ပြည်တွင်း စစ်ပြေးဒုက္ခသည်များ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူမှုဖူလုံရေး အခက်အခဲများကို အကူအညီ ပေးရန် ပြီးခဲ့သည့် ဂျွန်လ (၃၀) ရက်နေ့က ဂျပန် အစိုးရထံသို့ (UNFC) ကတင်ပြ တောင်းခံ ခဲ့သည်။
http://phophtaw.org/burmese/index.php/news/local-news/2017-2012-08-16-11...
မြန်မာနိုင်ငံရှိ တိုင်းရင်းသား အရေးနှင့် ပတ်သက်သည့် အထူး သံတမန် တဦးအဖြစ် ဂျပန် အစိုးရက နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ (Yohei Sasakawa) ကို ခန့်အပ် တာဝန်ပေးခဲ့သလို နိပွန်ဖောင်ဒေးရှင်းသည်လည်း ဂျပန် အစိုးရ အောက်ရှိ အကြီးဆုံးနှင့် ငွေကြေး အတောင့်တင်းဆုံး NGO အဖွဲ့အစည်းတခု ဖြစ်သည်။
နိပွန် ဖောင်ဒေးရှင်းသည် ၁၉၆၇ ခုနှစ်မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၂ဝ ခန့် ကူညီ ထောက်ပံ့ခဲ့ပြီး ကျန်းမာရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ၌ အသုံးပြု ခဲ့သည်ဟု ဆိုသည်။ ဖေါင်ဒေးရှင်းကို ၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်း ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ် အထိ၌ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ခဲ့ဘူးသည်။