ရခိုင်ပြည်နယ် မြောက်ဦးတွင် တိုက်ခိုက်မှုများ ဆက်ဖြစ်နေ

ရခိုင်ပြည်နယ် မြောက်ဦးတွင် တိုက်ခိုက်မှုများ ဆက်ဖြစ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများ ယနေ့အထိ ဆက်လက် ဖြစ်ပွားနေပြီး မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် ယနေ့တိုက်ခိုက်မူ ဖြစ်ပွားခဲ့ရာ ရခိုင်ဘက်က ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

“ယိုင်သည်ရွာမှာ ဒီကနေ့ မနက်ကတည်း ဖြစ်တယ်။ ရခိုင်ဘက်က ၃ ဦးကျတယ်။ ဒဏ်ရာ အများအပြား ရတယ်။ တချို့ကိုလည်း မင်းပြားကို သယ်သွားတယ်။ တချို့ကိုလည်း မြောက်ဦး ဆေးရုံကို သယ်လာနေကြပါ တယ်” ဟု ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။

ယိိုင်သည်ရွာမှာ တစ်ရွာလုံးမီးရှို့ခံရပြီး ဘင်္ဂလီ မွတ်ဆလင်များဘက်မှ အထိအခိုက်နှင့် အကျဆုံးကို မသိရှိရသေးကြောင်း သူက ပြောသည်။

မြောက်ဦးမြို့နယ် နာဂရာတွင်လည်း ယနေ့ ရခိုင် တိုက်ခိုက်သူများနှင့် စစ်တပ်တို့ ထိပ်တိုက်တိုးရာ စစ်တပ်မှ ပစ်ခတ်၍ ရခိုင် (၂) ဦး သေဆုံးသွားကြောင်း ပန်းမြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“အခု ညနေ ၅ နာရီထိပေါ့နော်။ အခြေအနေက တင်းမာနေတယ်။ စစ်တပ်က ပစ်ခတ်တဲ့ အတွက် ကျသွားတဲ့ ရခိုင် အလောင်း နှစ်လောင်းကို တောင်းနေတာ ခုထိ မပေးသေးဘူး။ အဲဒီမှာ ထိပ်တိုက် ဖြစ်နေပါတယ်။ ကျသွားတာက နာဂါရာ ဖြစ်ပါတယ်။ ရခိုင် လူအင်အားကတော့ ခြောက်ထောင်-  ခုနှစ်ထောင်ခန့်ရှိပါတယ်” ဟု သူက ပြောသည်။

ယင်းကိစ္စ သီးခြား အတည်ပြုချက် မရရှိသေးပါ။

မြောက်ဦးမြို့နယ် နာဂါရာ ကျေးရွာအနီးတွင် နာဂါရာ အောက်ရွာနှင့် နာဂါရာ ပြင်ရွာဟူ၍ မွတ်ဆလင် ကျေးရွာ (၂) ရွာရှိပြီး ရခိုင်များမှာ အဆိုပါ ကျေးရွာအနီးရှိ နာဂါရာ ရခိုင်ကျေးရွာတွင် စုရုံးနေကြသည်ဟု ဆိုသည်။

ယမန်နေ့ ညဉ့်ကလည်း မင်းပြားမြို့နယ် စမ်းဘီရွာတွင် လုံခြံုရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် မွတ်ဆလင် တစ်ဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် အဆိုပါ မီးရှို့ခံခဲ့ရသော ကျေးရွာများသို့ သွားရောက် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

Most read this week