သုဝဏ္ဏဘူမိ ပျူမြို့ ဟုတ်မဟုတ် မွန်သမိုင်းကော်မတီ ဖွဲ့စည်း

သုဝဏ္ဏဘူမိ ပျူမြို့ ဟုတ်မဟုတ် မွန်သမိုင်းကော်မတီ ဖွဲ့စည်း
by -
မဇ္ဈိမ

မွန်သမိုင်းများ မှန်ကန်စွာ ပေါ်ပေါက်ရေးအတွက် သြဇာတိက္ကမ ရှိသည့်မွန်သံဃာ တော်များမှ ဦးဆောင်၍ မွန်အသိုင်းအဝိုင်းမှ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည့် မွန်သမိုင်း သုတေသန ကော်မတီတရပ် ကို တနင်္လာနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကော်မတီဝင်တဦး ဖြစ်သူ နိုင်တင်အောင် က ပြောသည်။

pyu

ရာမည သံဃာတော်အဖွဲ့မှ မဟာထေရ်ကြီးများ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ အပါအဝင် ပါတီအရာရှိများ၊ မွန်ဒီမိုကရေစီ ပါတီမှ ခေါင်းဆောင်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်များ စသဖြင့် စုစုပေါင်း ၅ဝ ကျော် တက်ရောက်သည့် အစည်းအဝေးတရပ်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာ ဓါတ်တော် ကျောင်းတိုက်၌ ကျင်းပခဲ့ပြီးနောက် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာလတွင် ရန်ကုန်၌ ကျင်းပမည့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲနှင့် ပတ်သက်ပြီး အစိုးရသတင်းစာ၏ ရေးသားချက်များတွင် မွန်လူမျိုးများ အမြတ်တနိုးထားသည့် သုဝဏ္ဏဘူမိ (သထုံ) ကို ပျူမြို့ပြ နိုင်ငံဟု ရေးသားချက်များ ပေါ်ပေါက်လာခြင်းသည် ကော်မတီ ဖွဲ့စည်းရခြင်း၏ အကြောင်းရင်းတရပ် လည်း ဖြစ်သည်။

“ပျူစာတမ်း ဖတ်ပွဲအကြောင်း ရေးတဲ့နေရာမှာ သုဝဏ္ဏဘူမိက ပျူနိုင်ငံလိုလို၊ ဘာလိုလို ရေးထားတာ ကျနော်တို့ ဖတ်ရတယ်။ ဒါတွေကို ကျနော်တို့ မွန်လူမျိုးတွေဘက်ကလည်း ပြင်ဆင်တဲ့အနေနဲ့ ခုလို ကော်မတီ ဖွဲ့စည်းဖို့ဖြစ်လာတာ” ဟု မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဋ္ဌ (၂) နိုင်တင်အောင် က ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ‘မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အတိုးတက်ဆုံး၊ အထွန်းကား ဆုံး ရှေးဟောင်း ပျူမြို့ပြများ သမိုင်းဆိုင်ရာ စာတမ်းဖတ်မည်’ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရှင် သီဟသူ (ကြေးမုံ) က “မြန်မာနိုင်ငံအတွင်း၌ ပျူလူမျိုးတို့ ပျံ့နှံ့နေထိုင်ခဲ့သည့် မြေဧရိယာ အကျယ်အဝန်းသည် ယနေ့မြန်မာနိုင်ငံ၏ အကျယ်အဝန်းမျှ ရှိပြီး တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဓညဝတီ၊ သုဝဏ္ဏဘူမိ (သထုံ) အစရှိသော မြို့ပြနိုင်ငံကြီးများ ထူထောင်၍ နေထိုင်ခဲ့ကြ ကြောင်းကို လေ့လာသူ ပညာရှင်များ၏ အဆိုအရ သိရသည်” ဟု ရေးသားဖော်ပြခဲ့သည်။

မွန်သမိုင်း သုတေသန ကော်မတီအနေနှင့် အကိုးအကား အထောက်အထား စာတမ်းများ စုဆောင်းလျက် ရှိပြီး သတင်းစာပါ အကြောင်းရာနှင့် ပတ်သက်၍ ကန့်ကွက်လွှာ ရေးသားကာ ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီသို့ စာတမ်းဖတ်ပွဲ မတိုင်မီ တင်ပြသွားမည်ဟု ဆိုသည်။

‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ စာတမ်းဖတ်ပွဲကို ထွန်းဖောင်ဒေးရှင်းဘဏ်မှ ကူညီပံ့ပိုး၍ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပမည် ဖြစ်ပြီး ပျူလူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ၊ ဘာသာကိုးကွယ်မှု၊ ကုန်သွယ် စီးပွားရေး၊ လက်နက်မြို့ပြနိုင်ငံတော် အစရှိသည့် ရှုထောင့်မျိုးစုံ ပါဝင်သည့် စာတမ်းစောင်ရေ ၄ဝ ကျော် တင်သွင်း ဖတ်ကြားမည်ဟု ဆိုသည်။

ကြေးမုံသတင်းစာက “မြန်မာနိုင်ငံ၏ အကြီးဆုံးသော စာတမ်းဖတ်ပွဲ” ဟု ဆိုပြီး စာတမ်း ၄ဝ ကျော်တွင် စာမျက်နှာ ရဝဝ ကျော်နှင့် ဓာတ်ပုံပေါင်း ရဝဝ ကျော် ပါဝင်သည့် စာတမ်းတစောင်၊ အင်္ဂလိပ်ဘာသာ ၄ စောင်လည်း ပါဝင်မည် ဟု သိရသည်။

သတင်းစာပါ ရေးသားချက်သည် ယခင်စစ်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့သည့်“မြန်မာ တနိုင်ငံလုံး ပျူနယ်မြေ ဖြစ်ကြောင်း၊ ပျူစစ်ရင် မြန်မာ ဖြစ်ကြောင်း” စီမံကိန်းကို ပြန်လည်အသက် သွင်းခြင်းသာ ဖြစ်သည်ဟု မွန်သမိုင်း လေ့လာလိုက်စားသူများက သုံးသပ်ကြသည်။

‘သုဝဏ္ဏဘူမိခေတ် သာသနာ’ ကျမ်းဖြင့် မဟာဝိဇ္ဇာ (M.A.) ဘွဲ့ ရရှိခဲ့သည့် ဆရာတော် အရှင်ရာဝိက က “အမှန်မတော့ စာတမ်းတောင် မဖတ်ရသေးဘူး။ အဖြေက ထွက်နေပါပြီ။ အနည်းဆုံး ဆောင်းပါးရှင် သီဟသူ က သိနေပါပြီ။ စာတမ်းဖတ်ပွဲကို တက်ရောက်မယ့် ပရိသတ်ကို ကြည့်ရင်လည်း ဒါဟာ အစိုးရလက်ချက်ဆိုတာ သိသာလှပါတယ်။ စာတမ်းများအပြင် ထူးခြားဓာတ်ပုံ (၇ဝဝ) ကျော်လည်း ပါဝင်မှာ ဖြစ်လို့ ဒါကို စုဆောင်းခဲ့တာ စစ်အစိုးရ လက်ထက် ကတည်းက ဆိုတာ ထင်ရှားပါတယ်” ဟု မိန့်သည်။

ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းရင်းသားများနှင့် ပတ်သက်သည့် ကျောက်စာများ မပျောက် ပျောက်အောင် လုပ်ဆောင်ခဲ့ခြင်း၊ ရှေးဟောင်း သုတေသနဌာနအနေနှင့် သထုံဒေသကို တူးဖော်ရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ခြင်း၊ ရှိနှင့်ပြီးသည့် သထုံဒေသမှ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ခြင်း မရှိဘဲ ဖျက်ဆီးခံနေရခြင်းတို့သည် အစိုးရ၏ တာဝန်မဲ့မှုတခုသာ ဖြစ်သည်ဟုလည်း ဆရာတော် က ဆိုသည်။

“မြန်မာ့ရှေးဟောင်း သုတေသနဌာနဟာ တွေ့ရှိချက်ကို အခြေပြုပြီး သမိုင်းကို ရေးနေခြင်း မဟုတ်ဘဲ ဖြစ်စေချင်တဲ့ သမိုင်းအတွက် သုတေသန လုပ်နေသူတွေ ဖြစ်တယ်” ဟုလည်း အရှင်ရာဝိက က ဝေဖန်သည်။

မွန်သမိုင်း ကော်မတီဝင် နိုင်တင်အောင် ကလည်း “လက်နက်ကိုင် တိုက်ပွဲနဲ့ တိုင်းရင်းသားတွေကို ချေမှုန်းတာ မပြီးပြတ်သေးလို့ ယဉ်ကျေးမှုနဲ့ တိုက်ပွဲဝင်တဲ့ ပုံစံလို့ မြင်တယ်” ဟု ပြောသည်။

ရခိုင်နှင့် မွန်ဒေသများတွင် ဖြစ်ဖြစ်မြောက်မြောက် တူးဖော်ခြင်းများ မလုပ်ဘဲ ကွက်ကြားသုတေသန လုပ်ရုံမျှနှင့် ဆုံးဖြတ်ချက် ချခြင်းမှာ မြန်မာ့ ရှေးဟောင်း သုတေသနဌာန၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည် ဟုလည်း အရှင်ရာဝိက က ထောက်ပြပြောဆိုသည်။

သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း သထုံခရိုင် အတွင်း၌ ရှိကြောင်း ပြသနိုင်ရေးအတွက် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့ (သို့မဟုတ်) ၁ဝ ရက်နှင့် ၁၁ ရက်နေ့များတွင်လည်း မော်လမြိုင် တက္ကသိုက်၏ သုတေသန လုပ်ငန်း တရပ်အနေနှင့် ‘သုဝဏ္ဏဘူမိ’ စာတမ်းဖတ်ပွဲကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုစာတမ်းအကျဉ်းအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်း၊ မြို့ဟောင်းနေရာများ အပါအဝင် ရှေးဟောင်း အထောက်အထားများ၊ ကာလသက္ကရာဇ် အထောက်အထားများ၊ စာပေကျမ်းဂန် အထောက်အထားများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ခေတ်ပြိုင် အခြေအနေများအား နှိုင်းယှဉ် တင်ပြနိုင်ရေး စသည်တို့ကို စုဆောင်း ပြစုနေဆဲ ဖြစ်ကြောင်း သိရသည်။

Most read this week