အစိုးရ လှုပ်ရှားတပ်မှ ကချင်ရွာသားများကို KIA နှင့် ဆက်နွယ်သူများအဖြစ် ဖမ်းဆီးနှိပ်စက်

အစိုးရ လှုပ်ရှားတပ်မှ ကချင်ရွာသားများကို KIA နှင့် ဆက်နွယ်သူများအဖြစ် ဖမ်းဆီးနှိပ်စက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်သွားလမ်းရှိ ကားမိုင်း (Kamaing) နှင့် ကထန်ယန် (Kahtan Yang) ကြားရှိ နန်စီးအင် (Nam Si In) ကချင် ကျေးရွာသို့ မြန်မာအစိုးရ၏ တပ်မ (၈၈) မှ လှုပ်ရှားတပ်ဖွဲ့တခု ဝင်ရောက်လာပြီး ရွာသားများအား ဖမ်းဆီး၍ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ဆက်နွယ်မှုရှိမရှိ မေးမြန်းမှုများ ပြုခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၁၉ ရက် နံနက် ပိုင်းအချိန်က အစိုးရတပ် အင်အား ၆၀ ကျော်ရောက်ရှိလာပြီးကျေးရွာ အတွင်းရှိ အမျိုးသားများကို ဖမ်းဆီး ကြိုးတုပ်၍ KIA စစ်သား ဟုတ်မဟုတ် စစ်ဆေးမေးမြန်းခဲ့သလို အမျိုးမျိုးနှိပ်စက် ညှင်းဆဲခဲ့ပြီး အမျိုးသမီးများအား သေနတ်ဖြင့်ချိန်၍ ကားလမ်းမသို့ခေါ်ဆောင်သွားပြီး တနေ့လုံး နေပူထဲတွင် စစ်ဆေးမေးမြန်းကြောင်းသိရသည်။

“ကလေးများနဲ့ ကျောင်းသူကျောင်းသားများကိုလည်း မင်းတို့လည်း ကြီးလာရင် KIA စစ်သား များဖြစ်လာမှာပဲ။” ဆိုပြီး ကလေးငယ်များကိုမကျန် ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးပြောသည်။

ထိုနေ့က နမ်စီးအင်ကျေးရွာ ဆယ်အိမ်မှူး ဦးနိုင်လင်းနှင့် လဂယောမ်ဂွန်း (Lagyawm Gun) ၂ ဦးတို့ကို ၎င်းလှုပ်ရှားတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  ယနေ့ထိ မလွတ်ပေးသေးကြောင်း ဒေသခံများပြောသည်။

စိုးရိမ်ကြောက်ရွံ့နေသော ရွာသားများက ၎င်းရွာမှ ၃ မိုင်ဝေးသည့် ကားမိုင်းသို့အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့က  ထွက်ပြေးတိမ်းရှောင် ခဲ့ကြပြီး ဒုက္ခသည် (၁၇၀) ကျော် ကားမိုင်းမြို့ နှစ်ခြင်း ဘုရားရှိခိုးကျောင်းတွင် ရောက်ရှိ ခိုလှုံနေသလို အချို့မှာ နီးစပ်ရာ ဆွေမျိုး အိမ်များတွင် ခိုလှုံနေကြပြီး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

၎င်းဒုက္ခသည်များကို မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ကျပ်ငွေ ၅ သိန်းကူညီပြီး ကားမိုင်းပြည်ခိုင်ဖြိုးမှလည်း ဆန် ၅ အိတ်ကူညီခဲ့ကြောင်း စစ်ပြေးကူညီသူတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် နန်စီးအင် (Nam Si In) အစိုးရ မူလတန်းကျောင်း၌ လစဉ်စာမေးပွဲ ဖြေဆိုရန် ရှိသော်လည်း စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသော ကျောင်းသူ ကျောင်းသားများ စာမေးပွဲ မဖြေ ဆိုနိုင်တော့ပေ။

ထို့ကြောင့်ကျောင်းအုပ်နှင့် သက်ဆိုင်ရာများက ကျောင်းသူကျောင်းသားများ စာမေးပွဲ ဖြေဆိုနိုင်မည့် ရက်ကိုညှိနှိုင်းနေကြောင်းသိရသည်။

၎င်းမြန်မာအစိုးရ လှုပ်ရှားတပ်သည် ကျေးရွာများသို့ အကြောင်းမဲ့ ရောက်ရှိလာကာ ယခုကဲ့သို့ ဒေသခံများကို နှိပ်စက်ညှင်းဆဲမှုများပြုလုပ်လာသောကြောင့် နမ်စီးအင် (Nam Si In) အနီးရှိ ကထန်ယန် (Kahtan Yang) ကျေးရွာနှင့် လွယ်ဆိုင်း (Loi Seng) ကျေးရွာသားများလည်း စိုးရိမ်ထိတ်လန့်နေကြသည်။

Most read this week