KNU ၏ အမျိုးသား ရင်ကြား စေ့ရေး မအောင်မြင်

KNU ၏ အမျိုးသား ရင်ကြား စေ့ရေး မအောင်မြင်
by -
ရွှေဟင်္သာ

အောက်တိုဘာ (၂၂) နှင့် (၂၃) ရက်နေ့က နှစ်ရက်ကြာ ကျင်းပခဲ့သော ကရင်အမျိုးသား အစည်းအရုံး KNU ထိပ်သီး ခေါင်းဆောင် များ၏ အမျိုးသားရင် ကြားစေ့ရေး တွေ့ဆုံ ဆွေးနွေးပွဲသည် ရလာဒ် တစ်စုံတရာ မရှိဘဲ ပြီးဆုံး သွားခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တဦးက ဆိုပါသည်။

“ဆွေးနွေးပွဲကို ဘယ်နေရာ ဆွေးနွေး ကြတယ် ဆိုတာ ကတော့ မသိရဘူးဗျ။ ဗဟိုဖက်ရော GOC ဖက်ကပါ တဖက်ကို ကိုယ်စားလှယ် (၅)ဦးစီ တက်ကြတယ်။ အဲဒါ ဆုံးဖြတ်ချက် မကျဘဲနဲ့ ရပ်လိုက် ရတယ်လို့ အစည်းအဝေး တက်တဲ့ လူတွေ ကပြောတယ်။ အဲဒီလောက် ဘဲပြောတယ်။ ဘယ်အပေါ်မှာ အဆင်မပြေတာလဲ ဆိုတာကတော့ အတိအကျ မသိရ သေးဘူး” ဟုဆိုပါသည်။
ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုးပုံ (ဓါတ်ပုံ - အင်တာနက်)
ကရင်ပြည်နယ် ဘားအံမြို့၌ လွန်ခဲ့သည့် စက်တင်ဘာ လအတွင်းက KNU အဖွဲ့ ဆက်သွယ်ရေးရုံး ဖွင့်သည့် ကိစ္စနှင့် ပတ်သက်၍ အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရာ အပစ်ပေးအရေးယူသည့် အဆင့်အထိ ဖြစ်ပွားခဲ့ပြီး ဆက်ဆံရေး ရုံးကို ဦးဆောင် ဖွင့်လှစ် ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုရောဂျာခင်နှင့် အတွင်းရေးမှူး (၂) ဟောင်း ပဒိုဒေးဗစ်ထော (ကွယ်လွန်) တို့ကို KNU ဗဟိုမှ ထုတ်ပယ် လိုက်သည်။

http://www.phophtaw.org/burmese/index.php/news/local-news/2234-knu----.html

ယင်းကိစ္စ နှစ်ဖက် ရင်ကြားစေ့ရေးနိုင်ရေး အတွက် KNU ဗဟိုအဖွဲ့နှင့် စစ်ဦးစီးချုပ် ဦးဆောင်သည့် အဖွဲ့များ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် KNU ဗဟိုအဖွဲ့အား အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်က ဦးဆောင်၍ အတွင်းရေးမှူး (၁) ပဒိုစောလှငွေ၊ အတွင်းရေးမှူး (၂) ဒေါ်လေးမူ၊ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် ဘော်ကျော်ဟဲ နှင့် တပ်မဟာ (၂)မှူး တို့က တက်ရောက် ခဲ့ကြသည်။ အလားတူ အခြားတဖက်မှ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး ဦးဆောင်၍ နှစ်ဖက်ကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးဟောင်း တူးတူးလေး၊ ဗဟို ကျန်းမာရေး ဌာနတာဝန်ခံ ပဒိုရောဂျာခင်၊ မြိတ်ထားဝယ် ခရိုင် ဥက္ကဌ ပဒိုကွယ်ထူး၊ မော်လမြိုင် ခရိုင်ဥက္ကဌ ပဒိုရွှေမောင်းနှင့် ဖါးအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေးတို့ ပါ၀င်သည်။

ထို့အပြင် KNU တပ်ရင်း (၁၂) မှူးဟောင်း ဗိုလ်မှူး စိုးစိုးကို ကြားလူ အဖြစ် တက်ရောက် စေခဲ့ကြောင်း သိရသည်။ KNU အနေဖြင့် ယခုနှစ် မကုန်မှီ အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ကျင်းပရန် ရှိသဖြင့် အစည်းအဝေး မတိုင်မှီ အမျိုးသား ရင်ကြား စေ့ရေးကို ကနဦး ဖြေရှင်းလို၍ ယခု ဆွေးနွေးပွဲကို စတင် ခဲ့ကြခြင်း ဖြစ်သည်။

အဖွဲ့အတွင်း ယခုလို ဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် KNU အား ပြိုကွဲ စေသော လက္ခဏာ ဖက်သို့ တွန်းအား ဖြစ်လာ နေသည်ဟု ဝေဖန် သူများက သုံးသပ်ပြောဆိုခဲ့ကြသလို ယခုကိစ္စနှင့် ပတ်သက်၍ အစိုးရက တစုံတရာ ၀င်ရောက် ပြောဆိုခြင်း မရှိသည့်အတွက် အစိုးရ၏ သွေးခွဲရေး လုပ်ရပ်များ ဖြစ်နိုင်ကြောင်း KNU အောက်ခြေ တပ်မှူးများက သံသယ ဖြစ်နေသည်။