ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး

ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး
by -
သျှမ်းသံတော်ဆင့်

ထိုင်းမြန်မာနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့် ကျိုင်းတုံမြို့နယ်မှ အသက်မပြည့်သေးသည့် ၁၂ နှစ်အရွယ်ကလေးတယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်းခေါင်ခန့်က သေဆုံးသွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်တံတား

“ဗုဒ္ဓဟူးနေ့ညက ထင်တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့က လို့ဘဲသိတယ်။ ၁၂ နှစ်အရွယ်ကလေးမလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေး မလေးလို့ဘဲသိတယ်။ သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်သွားတယ်” - ဟု မယ်ခေါင်မြစ်ဟိုတယ် ၀န်ထမ်းတဦးက ပြောပါသည်။

ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပြင်း မြို့နယ် အတွင်းအပြင် အခြား သျှမ်းပြည်အနှံ့မြို့နယ်များမှ ဖြားယောင်းခံရ သော အရွယ်မရောက်သေးသည့် မိန်းခလေးများ ယခု သုံးလေးလအတွင်း နယ်စပ်တာချီလိတ်မြို့သို့ အများ အပြားရောက်ရှိလာကြောင်းနှင့် ကျိုင်းတုံ မြို့နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်းသိရသည်။

နယ်စပ်တွင် အပျိုစင် ဝယ်ယူခြင်းကို  ပိုက်ဆံရှိ လူကုံထံ အသိုင်းအဝိုင်းများကြား ခေတ်စားနေကြောင်းနှင့် ၁၇ ရက်နေ့ ည သေဆုံးမှုနှင့် ပတ်သက်သည့် ကားဆရာ၊ လူပွဲစား၊ သူဌေး များအားဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေကြောင်း တာချီလိတ် ကျိုင်းတုံ ကားဆရာတဦးကပြောပါသည်။

အလားတူ “ထိုင်းစကားအရဆို ပွတ်ဘောရီးဆွတ် ခေါ်တယ်။ ဗမာစကားဆို အပျိုစင်ကို ဈေးဦးဖေါက်တယ် လို့ဘဲ ပြောရ မှာလား။ အသက်အရွယ်အလိုက် တယောက်ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ဝယ်ယူနေကြတယ်။  လွန်ခဲ့တဲ့ လေးလလောက်ကစပြီး ကျိုင်းတုံ ကနေ တာချီလိတ်ကို ဖြားယောင်း ခံလာရတာ အများကြီးဘဲ။ ဒေသ စကား အရဆို စီးပွားထွက်ရှာတယ်လို့ဘဲ ပြောတယ်” - ဟု တာချီလိတ်မြို့ခံ ဒေါ်ခမ်းမိုက ပြောပါသည်။

မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာသည်ဟု ဆိုကာ အရွယ်မရောက်သေးသည့် မိန်းခလေးများ နယ်စပ်သို့ သွားလာခွင့်တားမြစ်မှု လွန်ခဲ့သည့် မေလမှစ၍ ရုပ်သိမ်းပြီးနောက်ပိုင်း အမျိုးသမီးငယ် လူကုန်ကူးမှုများပြား လာသည်ကို တွေ့ရကြောင်းနှင့် ယခင်နှစ်များထက် ပိုများ နေသည်ကိုတွေ့ကြောင်း၊ အသိဉာဏ်မကြွယ်ဝ သည့် မိဘအချို့ကလည်း တိုက်အိမ်၊ ကား၊ ပိုင်ဆိုင်ရေးအတွက် မိမိသမီးပျိုများအား အလေးမထားဘဲ  ငွေထွက်ရှာ ရန် ဖိအားပေးတိုက်တွန်းမှုကြောင့်လည်း ယခုလို ကလေးငယ်များ လူကုန်ကူးခံနေရခြင်းဖြစ် ကြောင်း တာချီလိတ်မြို့ အမျိုးသမီးအဖွဲ့ဝင်ဟောင်းတဦးက ပြောပါသည်။

Most read this week