သံလွင်မြစ်ကြီးဟာ ကရင်နီပြည် ရှားတောမြို့နယ်ကို အရှေ့နှင့် အနောက် နှစ်ခြမ်းခွဲကာ ဖြတ်ဝင်စီးဆင်းနေတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ဒီမြစ်ကြီးရဲ့ ဘေးတစ်ဖက်တချက်ကို ကြည့်လိုက်လျှင်တော့ သမရိုးကျ နေထိုင်လုပ်ကိုင် စားသောက်နေကြတဲ့ ကရင်နီတို့ရဲ့ ကျေးလက် ဘဝကို တွေ့နိုင်မှာပါ။
အရင်တုန်းက ရှားတောမြို့နယ်ထဲက ထောင်၊ သောင်းချီပြီး နေထိုင်ခဲ့ကြရာမှာ လူတွေထဲမှာ ကရင်နီမျိုးနွယ်စုတွေ အများဆုံး ပါဝင်နေတယ် ဆိုတာကို အဲဒီမြေပေါ်မှာ စိုက်ထူထားတဲ့ အိုမင်းနေပြီဖြစ်တဲ့ တံခွန်တိုင်တွေက သက်သေပြနေပါလိမ့်မယ်။
အခုအချိန်မှာ ရှားတောမြို့ကို အပေါ်စီးကနေ ကြည့်လိုက်ရင် ရွာဟောင်း၊ ရွာပျက်နဲ့ စွန့်ပစ်ထားတဲ့ ရွာတွေရဲ့ အရိပ်အယောင်တွေဟာ မထင်မရှားနဲ့ ကျန်ရစ်နေပါတော့တယ်။ အမှန်တော့ ဒါတွေဟာ တောအုပ်ကြီးတခုနဲ့ အလားသဏ္ဍာန်တူနေခဲ့ပါပြီ။
တသွင်သွင်စီးနေတဲ့ သံလွင်မြစ် ကြီးရဲ့ ဘေးတဖက် တချက်မှာတော့ ထူပြော လှတဲ့ တောအုပ်ကြီးကသာ အထီးကျန်စွာ တည်ရှိရင်း သူ့ကို အဖော်ပြုပေးမယ့် တောလိုက် မုဆိုးတွေကို စောင့်မျှော်လို့ နေရှာ ပါတယ်။
အမှန်တော့ ဒီလိုမျိုးတောတောင်၊ မြစ်ချောင်းတွေကို အထီးကျန်စေခဲ့တာကတော့ နိုင်ငံရေး ပဋ္ဋိပက္ခတွေ အပါအဝင် ၁၉၉၆ ခုနှစ်ကစပြီး တိုးမြင့်လာတဲ့ စစ်ရေးအရှိန် အဟုန်တွေကြောင့်လို့ဘဲဆိုရမှာပါ။
ဆန်းကြယ်လှတဲ့ သဘာဝ တရားနဲ့ ကျေးလက်နေ တောသူတောင်သားတွေဟာ အပြန်အလှန် အမှီသဟဲပြု နေထိုင်လာခဲ့တာဟာလည်း ၉၆ ခုနှစ်မတိုင်ခင်အထိဆိုလျှင်ဖြင့် နှစ်ပေါင်းအလွန် ကြာမြင့်နေပြီလို့ ပြောရပါလိမ့်မယ်။
၁၉၉၆ ခုနှစ် မြန်ုမာစစ်အစိုးရရဲ့ စစ်ဆင်ရေးကြောင့် ပေါင်းမြက်တွေလို လူမဆန်စွာ ရှင်းထုတ်ခံခဲ့ရတဲ့ လူတွေဟာလည်း တနယ်တခြားစီ အလဲအကွဲတွေနဲ့ ဒုက္ခသည်အဖြစ် ပြေးလွှားနေခဲ့ကြရပါတယ်။
၂၀၁၂ ခုနှစ်အတွင်း အသစ်တက်လာတဲ့ အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေပြုလုပ်ပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ အစပြုလာနေမှုကြောင့် တိုင်းတပါးမှာရောက်နေတဲ့ ကရင်နီဒုက္ခသည်တွေ၊ ပြည်တွင်းရွာပုန်းရွာရှောင် IDP တွေ ဟာ ကိုယ့်ရပ်ကိုယ့်ရွာ၊ နေရပ်ရင်းမှာ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ မျှော်လင့်ချက်တွေ တဖန်ပြန်လည် ရရှိလာကြပါတယ်။
သံလွင်အရှေ့ဘက်ခြမ်း(သို့) ဌာနေဟောင်း
ပြန်လည်အခြေချရေးကိစ္စနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေအနေနဲ့ သွားလာလုပ်ကိုင် စားသောက်ဖို့လွယ်ကူတဲ့ သူတို့ရဲ့ ့နေရပ်ဟောင်းမှာ ပြန်လည်နေထိုင်လိုကြပါတယ်။ အထူးသဖြင့် အဲဒီနေရာတွေက ရှားတောမြို့နယ်နဲ့ သံလွင့်အရှေ့ဘက်ခြမ်းက နေရာဒေသတွေမှာပေါ့။ ကရင်နီပြည် စစ်ဆင်ရေးကာလ အတွင်းက အသက် ၂ နှစ်သာ ရှိသေးတဲ့ ခူးစူးရယ်ဟာ သူ့ရဲ့နေရပ် ရှားတောမြို့နယ်ကနေ မိသားစုတွေနဲ့အတူ ထိုင်းနိုင်ငံဒုက္ခသည်စခန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
“အကယ်၍ ကျနော်ပြန်ခဲ့လို့ရှိရင် ကိုယ့်ရွာ ကိုယ့်နေရာမှာပဲ ကိုယ်ပြန်နေမှာပေါ့နော်။ ဘာကြောင့်လဲဆိုလို့ ရှိရင်တော့ ကိုယ့်နေရာက စိုက်ပျိုးရေးက ပိုကောင်းမယ်လို့ ကျတော်အဲလိုမျိုးထင်တယ်လေ” လို့ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ ကရင်နီ အမှတ်-၁ ဒုက္ခသည်စခန်းမှ ခူးစူးရယ်ကပြောပါတယ်။
ခူးစူးရယ် အပါအဝင် ကရင်နီဒုက္ခသည်စခန်းတွေမှာ အခြေချနေသူတွေအဖို့ ကိုယ့်နေရပ်ဟောင်းမှာ ပြန်လည်အခြေချတော့မယ်ဆုရင် သူတို့အတွက် စိန်ခေါ်မှုတွေက တပုံတပင်ကြီးပါ။
လတ်တလောအခြေအနေမှာ ချက်ချင်းကြီးပြန်လည်အခြေချဖို့ အဆင်သင့်မဖြစ်သေးပေမယ့် ဒုက္ခသည်တွေ ပြန်မယ့်နေရာဟာ သံလွင်အရှေ့ဘက်ခြမ်းက နေရာတခုတည်းသာရှိကြောင်း ကရင်နီဒုက္ခသည်ပင်မကော်မီတီ KnRC မှ ဥက္ကဌ ဖြစ်တဲ့ ဆရာမန်းစောက ယခုလိုရှင်းပြပါတယ်။
“စခန်း နှစ်ခုစလုံးအတွက်ဆိုတော့ ၃ နေရာလားတော့ မပြောတတ်ဘူး၊ ဖြစ်ချင်တာက သံလွင်အရှေ့ ဘက်ကမ်း တနေရာရာလောက်မှာပေါ့လေ။ ဘာဖြစ်လဲဆို လောလောဆယ် ကျတော်တို့ အတူတကွ ပြန်လည်နေထိုင်ဖို့ဆိုရင် အခက်အခဲတွေ အများကြီး ကြုံရဦးမှာ။ ကျတော်တို့ပြန်မယ်ဆိုရင် လူမှုရေးအရ၊ ပညာရေးအရ၊ ကျန်းမာရေးအရ … ဒါပေမယ့် တခုရှိတာက ကျတော်တို့ မပြန်ခင်မှာ အတွင်းပိုင်းနဲ့ အပြင်မှာက ကျတော်တို့ ဆက်စပ်မှုတွေ လုပ်ထားဖို့တော့ လိုတာပေါ့နော်။”
ရှားတောမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ နယ်စပ်ဒုက္ခသည် စခန်းကနေ ရှားတောမြို့နယ်အတွင်းကို ပြန်လည်အခြေချနေထိုင်သူ ဦးရေ ၅၈ ယောက်ရှိပြီး အိမ်ထောင်စုအားဖြင့်၂၄ စုရှိပါတယ်။ သူတို့ဟာ ရှားတောမြို့နယ် ဒေါခရောအောရွာ၊ ဒေါစေးရွာနဲ့ ဒေါတမရွာတွေမှာ နေထိုင်ပါတယ်။
၂၀၁၂ ခုနှစ် KnRC မှပြုစုထားတဲ့ ဒုက္ခသည်စာရင်းအရ အမှတ် ၁ စခန်းမှာ ဒုက္ခသည်ဦးရေ ၁၄၉၀၀ ဦးရှိပြီး အမှတ် ၂ စခန်းမှာတော့ ဒုက္ခသည် ၃၆၇၈ ဦး ရှိနေပါတယ်။
"ဒီဒုက္ခသည်တွေ ပြန်လည်အခြေချနေထိုင်ဖို့ လောလောဆယ်အချိန်က မကျသေးဘူး။ Peace process ကလည်း တိတိကျကျလည်း မဖြစ်သေးဘူး။ မှိုင်းကိစ္စကလည်း ဘာမှမလုပ်သေးဘူးလို့ ပြောလို့ရတယ်လေ။ အဲဒါကြောင့်မို့ ကျတော်တို့လည်း ဖြည်းဖြည်းပြင်ဆင်မှုတွေတော့ ကျတော်တို့ လုပ်ထားရမှာပေါ့နော်” လို့ KnRC ဥက္ကဌ ဆရာမန်းစောက ပြောပါတယ်။
မျှော်လင့်မထားတဲ့ စိန်ခေါ်မှု
အမှန်တော့ ပြန်လည်အခြေချနေထိုင်ရေး ဆိုတဲ့အရေးမှာ ဒုက္ခသည်တွေအနေနဲ့ မိမိတို့ အသက်မွေးဝမ်းကြောင်းအတွက် အတတ်ပညာတွေ အဆင်သင့်ဖြစ်ထားဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ပြန်လည်အခြေချ နေထိုင်သူတွေရဲ့ လုံခြံုရေးကိစ္စတွေ၊ အစိုးရနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုတို့ကို လက်ခံရရှိနိုင်ဖို့စတဲ့ ကိစ္စရပ်တွေ ဘာတခုမှ ခိုင်ခိုင်မာမာ မရှိသေးပါဘူး။
ဒီကြားထဲ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတခုကတော့ အကယ်၍သာ ပြန်လည်အခြေချနေထိုင်ရေးအစီအစဉ်မှာ ဒုက္ခသည်တွေအနေနဲ့ မိမိတို့ဆန္ဒအတိုင်း မိမိတို့နေရပ်ရင်းကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် ယနေ့ ဘောလခဲမြို့နယ် ရွာသစ်ရေကာတာစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှပြောရေးဆိုခွင့်ရှိသူ ခူးတော်ရယ်က အခုလိုထောက်ပြပြောဆိုထားပါတယ်။
“ဒီကရင်နီ၊ ကယားပြည်နယ်ထဲမှာ နောက်ထပ် ရေလွှမ်းစရာ ရွာတွေတော့မရှိတော့ဘူး။ အကုန်လုံး ပြုတ်ပြီးသားဖြစ်တယ်။ အကုန်လုံးပျောက်ပြီးသားဖြစ်တယ် .. ၁၉၉၆ စစ်ဆင်ရေးမှာတုန်းက သံလွင်ဘေး တဖက်တချက် အနောက်ခြမ်းရော၊ အရှေ့ခြမ်းရော၊ ကျနော့ရွာ အပါအဝင်ပေါ့ ရွာတွေအကုန်လုံးပျောက်ပြီး သားဖြစ်တယ်။ ရွာမရှိတော့လို့ ထိခိုက်နစ်နာစရာ လူတွေမရှိတော့ဘူးလို့ ပြောရင်လည်းမဟုတ်ဘူး။ ရွာပျောက်တယ်ဆိုတာက အခုအများစုက ဒုက္ခသည်စခန်းတွေမှာရောက်တယ်။ ဟို..အနောက်ဘက်ခြမ်း
ပြေးတဲ့လူတွေရှိတယ်။ စုစည်းရွာမှာ ရောက်နေတဲ့လူတွေ ရှိတယ်။ တတိယနိုင်ငံဆိုတဲ့ နိုင်ငံခြားတွေကို ရောက်သွားတဲ့ လူတွေလည်းရှိတယ်။ အဲဒါ (ရွာသစ်ရေကာတာစီမံကိန်း)ဖြစ်ရင် အဲဒီလူတွေ ဘယ်မှာ ပြန်နေကြမလဲ။ ရွာပြန်လာချင်ကြတဲ့လူတွေပဲ။”
ပြီးခဲ့တဲ့ ၂၀၁၀ ဇန်နဝါရီလကစပြီး ကရင်နီပြည်၊ ရွာသစ်မြို့နယ်ခွဲမှာ လျှပ်စစ်ဓာတ်အား ၆၀၀ မီကာဝပ် ထုတ်လုပ်နိုင်တဲ့ သံလွင်ရေကာတာတခုကို ဆောက်လုပ်ဖို့ Datang (Yunnan) United Hydropower Developing Co ဆိုတဲ့ တရုတ်ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ အစိုးရက ဒီစီမံကိန်းတွေကို သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။
ယခု ၂၀၁၂ ခုနှစ်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့ အပစ်ခတ်ယူပြီးနောက်ပိုင်း မှာတော့ ကရင်နီပြည်တွင်းက မည်သည့်အကြီးစား စီမံကိန်းကိုမဆို အပစ်ခတ်ရပ်စဲမှု အခြေအနေ မတည်ငြိမ် သေးသ၍ ခေတ္တရပ်ဆိုင်းထားဖို့ နှစ်ဖက်က သဘောတူထားကြပါတယ်။
KDRG အနေနဲ့ ဒီလို စီမံကိန်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနဲ့ကောင်းကျိုးတို့ကို လေ့လာသုတေ သနပြုနိုင်ဖို့ စီမံကိန်းတည်ဆောက်တဲ့နေရာတွေမှာ လွတ်လပ်စွာသွားလာပြီး အချက်အလက်တွေစုဆောင်းခွင့် မရှိဘူးလို့လည်း ခူးတော်ရယ်က ဆိုပါတယ်။
“ဒီလူမှုရေးအရရော၊ ဒီသဘာဝ ပတ်ဝန်းကျင်အရရော လေ့လာတဲ့ လေ့လာမှုတွေ အဲ့ဒီဟာတွေအတွက် မဟုတ်ပါဘူး။ ကျတော်တို့ ကေအဲန်ပီပီနဲ့ အစိုးရတို့ သဘောတူညီချက်တွေမှာ ပါတယ်။ လူသိသူသိဖြစ်အောင်၊ ပွင့်ပွင့်လင်းလင်း ဖြစ်အောင်လုပ်မယ် ဆိုတာတွေက သဘောတူညီချက်ထဲမှာ ပါတယ်လေ။ အဲဒီ သဘောတူညီချက်အရပဲ ကျနောတို့က ကေအဲန်ပီပီနဲ့ ညှိနှိုုင်းပြီးတော့မှ KNPP ကနေသွားတယ်ဆိုတဲ့ ပုံစံနဲ့သွားပြီးတော့မှ ကျတော်တို့က ရွာသစ်ကို ရောက်တယ်”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့တုန်းက ရွာသစ်ရေကာတာစီမံကိန်းကို လေ့လာဖို့ KDRG မှ ခူးတော်ရယ် ဦးဆောင်သွားခဲ့တဲ့ ကရင်နီလူမှု အသင်းအဖွဲ့ ဆက်စပ်ဆောင်ရွက်ရေးကွန်ယက်အဖွဲ့ KCSN ကို အထက်က ညွန်ကြားချက် မရဘူးဆိုပြီး အာဏာပိုင်တွေက စီမံကိန်းရှိရာကို ၀င်ခွင့်မပေးပဲ တားမြစ်ခဲ့ပါတယ်။ ပြန်လည် အခြေချမည့်သူတွေအတွက် ရွာသစ်ရေကာတာစီမံကိန်းကြောင့် ထိခိုက်နှစ်နာမှုတွေ မဖြစ်ပေါ်လာစေဖို့အရေး ကြီးကြောင်း၊ စီမံကိန်းကြောင့် ပြောင်းရွှေ့မှုတွေထပ်ပြီး ပေါ်ပေါက်လာပါက မိမိတို့ဌာနေရင်းထက်စားဝတ် နေရေးလွယ်လွယ်ကူကူနဲ့ လုပ်ကိုင်စားသောက်လို့ရတဲ့နေရာမျိုးကို ဖန်တီးပေးဖို့လိုတယ်လို့ ခူးတော်ရယ်က ပြောပါတယ်။
“တခြားနေရာမှာပြောင်းပြီးတော့နေရင် အဲဒီအခြေအနေထက် ပိုဆိုးမသွားရအောင် အဲလောက်ကုစားမှုတော့ အနည်းဆုံးပေးရမှာပေါ့နော်။ ပိုကောင်းရင်ကောင်းသွားမယ်။ ဘာဖြစ်လဲဆို ဒီစီမံကိန်းတွေ လုပ်တာက ဖွံ့ဖြိုးရေးလုပ်တယ်လို့ခေါ်တယ်လေ။ ဖွံ့ဖြိုးရေးလုပ်တယ်ဆိုပြီးတော့မှ လုပ်လိုက်မှပဲ အခုရှိနေတဲ့ စားဝတ်နေရေးထက် ညံ့သွားရင်တော့ ဒါဆုတ်ယုတ်တာပဲပေါ့။ ဒါဖွံ့ဖြိုးရေး မဟုတ်တော့ဘူးလေ။ ဆိုတော့ နာတဲ့လူက နာပါစေ၊ စားတဲ့လူကတော့ စားမှာပဲ ဆိုတဲ့မျိုးလည်း မလုပ်သင့်ဘူးပေါ့။”
ယခုအချိန်ဟာ အသွင်ကူးပြောင်းရေးကာလ ဖြစ်သည်နှင့်အညီ ကိုယ့်ရပ်ရွာနဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ ရတဲ့ ကျေးလက် တောသူတောင်သားတွေဟာလည်း ကိုယ့်ရဲ့ ဌာနေရင်းကို ပြန်ဖို့ စိုင်းပြင်းနေကြတဲ့အချိန်ပါ။
ဒါပေမယ့် သူတို့ရဲ့ အရှင်သခင်ဖြစ်တဲ့ တောတောင်သဘာဝ၊ မြစ်ချောင်းအင်းအိုင် တွေကတော့ သူတို့ကို အရင်ကလို နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ ကြိုနေပါ့မလားဆိုတာကိုတော့ တတ်အပ်ပြောလို့မရသေးပါဘူး။
လာမယ့်အောက်တိုဘာလ နောက်ဆုံးပတ်မှာ ဖြစ်ပေါ်လာမည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံပွဲပြီးတဲ့အထိ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။