မန်ရှန်တွင် KIA နှင့်တိုက်ပွဲဖြစ် အစိုးရတပ် ၆ ဦးသေ ၂ ဦး ဒဏ်ရာရ

မန်ရှန်တွင် KIA နှင့်တိုက်ပွဲဖြစ် အစိုးရတပ် ၆ ဦးသေ ၂ ဦး ဒဏ်ရာရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဆတုံး-ကန်ပိုင်တီလမ်းရှိ လုဂျီ (Lu Ji) နှင့် လဖိုင် (La Hpai) ကြားရှိ မန်ရှန် (Mang Shang) ရွာအနီးတွင် အောက်တိုဘာ၂၁ ရက် တနင်္ဂနွေနေ့ ည ၈ နာရီအချိန်ခန့်က မြန်မာအစိုးရ တပ်မ (၈၈) မှ အင်အား ၃၀ ကျော်အား ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၅) လက်ေအော်ခံ တပ်ရင်း (၃) အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

kachin-army

“လဖိုင်ရွာကနေ အဖွဲ့လိုက် ဆင်းလာကြတာ ကျနော်တို့ ကွက်တိစောင့်ပြီး ပစ်လိုက်တာ” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

မြန်မာအစိုးရတပ်သားများသည် ၎င်းတပ်ရင်း (၃) နယ်မြေအတွင်း လမ်းမကြီးတလျှောက် တပ်ချ၍ လှုပ်ရှားနေကြသော တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

အလားတူ တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ လုံဂျာကောင် (Lung Ja Kawng) တွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ (ခမရ ၃၂၀) အင်အား ၃၀ ကျော်အား တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ တနင်္ဂနွေညတွင်  ပြောက်ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ကျဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်းပြောသည်။

စစ်ဘေးရှောင် ဒေသခံများသည် KIO ဗဟိုဌာနချုပ် လိုင်ဇာဒုက္ခသည်စခန်းတွင် ခိုလှုံနေသော်လည်း အချို့မှာ စပါး ရိတ်သိမ်းချိန်ဖြစ်၍ ရွာသို့ ခေတ္တ ပြန်လာခဲ့ရာ အစိုးရတပ်မှ ၎င်းတို့ပိုင် ကျွဲ၊ နွား၊ ၀က် စသည့် တိရိစ္ဆာန်များအား သတ်ဖြတ် စားသောက်ထားသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

လောလောဆယ် အစိုးရတပ်မှ အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသလို KIA တပ် စခန်းများအား ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အောက်တိုဘာလ ၁၉ ရက် သောကြာနေ့ ည ၁၀ နာရီကျော်တွင် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေအတွင်းရှိ ကောင်ရာ (Kawng Ra) တပ်စခန်းတခုကို မြန်မာအစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၅၈၊ ၅၇) စုပေါင်းတပ် အင်အား ၁၀၀ ကျော်ဖြင့် လာရောက်တိုက် ခိုက်ခဲ့ရာ KIA စခန်းကို နောက်ဆုတ်လိုက်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။

“မိနစ်ပိုင်း ပစ်ခတ်ကြပြီးတော့ ကျနော်တို့နောက်ဆုတ်လိုက်တယ်။ ကျနော်တို့ဘာမှ မဖြစ်ဘူး။”

၎င်းတပ်စခန်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ခဏတစ်ဖြုတ်လာ၍အခြေချထားသော တပ်စခန်းလည်းဖြစ်ပြီး မြန်မာအစိုးရတပ်သည် ၎င်းတပ်စခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ယခုချိန် ၎င်းတပ်စခန်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြန်လည်နေရာယူထားကြောင်း KIA အရာရှိတစ်ဦး ဆိုသည်။

လောလောဆယ် KIA တပ်မဟာ (၅) ထိန်းချုပ်ဒေသဖြစ်သည့် တပ်ရင်း (၃) နယ်မြေ ဆတုံး ကန်ပိုင်တိီလမ်း တွင် မြန်မာအစိုးရတပ် တပ်ရင်း ၁၀ ရင်းကျော် အင်အား ၁၀၀၀ ကျော်ဖြင့် နေ့စဉ်လှုပ်ရှား၍ထိုးစစ်ဆင် နေကြောင်းသိရသည်။

Most read this week