မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ

မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။

ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု သိရကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။

“ပိုက်သည်ရွာက အိမ် ၁၈ ဆောင် မီးထဲပါသွားပါတယ်။ ဖြစ်တာက ညနေ ၉ နာရီခန့်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် တစ်ယောက်ကို ဂျင်ဂလိနဲ့ ပစ်ရာကနေ စဖြစ်တာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

ဂျင်ဂလိဖြင့် အပစ်ခံရသူမှာ ပိုက်သည်ရပ်နှင့် ကပ်ပြီး တည်ရှိသော ကင်းဆိပ်ကျေးရွာမှ ဦးစံသိန်း (၄၇ နှစ်)  ဖြစ်ကြောင်း “ဦးစံသိန်းဂျင်ဂလိနဲ့ အပစ်ခံရတော့ ရခိုင်တွေဘက်က လူတွေစုပြံုလိုက်သွားတော့ အဲဒီမှာ ပြဿနာ စဖြစ်တယ်။ အဲဒီ မွတ်ဆလင်တွေက သူတို့အိမ်တွေကို စမီးရှို့တော့ မီးက ရွာထဲကနေ ထတောက်လောင် ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

မွတ်ဆလင်များဘက်မှ အမြင်ကို အဆက်အသွယ် မရရှိသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။ အလားတူ ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

သို့သော် ပြည်တွင်းထုတ် ဂျာနယ်တစောင် ဖြစ်သည့် Eleven Media Group (EMG) ၏ အွန်လိုင်း စာမျက်နှာ တခုတွင် ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မနက်ကတည်းက အခင်းဖြစ်ပွားရာ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကို သွားကြည့်နေပါတယ်။ အခုဖြစ်စဉ်ထဲမှာ အပြန်အလှန်မီးရှို့ တာတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုယ် မီးရှို့တာလည်း ရှိပါတယ်။ အတိအကျကို ညနေကျမှ ပြောနိုင်မှာပါ'' ဟု့ အောက်တိုဘာလ (၂၂) ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့ကြောင်း (EMG) အဖွဲ့၏ အင်တာနက် အွန်လိုင်း တခုဖြစ်သည့် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ပြဿနာရင်းမြစ်ကို သေခြာ မသိရသေးသော်လည်း ပြဿနာ ကူးစက်မှု မဖြစ်စေရန် စစ်တပ်အပါအဝင် သက်ဆိုင်ရာ မြို့နယ်နှင့် မြို့ပြ အုပ်ချုပ်ရေး အဖွဲ့များထံ အကူအညီ တောင်းခံ၍ ထိန်းသိမ်းသွားမည်ဟု ပြောဆိုလိုက်ပြီး "အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေး တုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေ နဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမဝင် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။'' ဟု သတင်းထောက်များအား ဖြေကြားခဲ့ကြောင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

အခင်း ဖြစ်ပွားနေစဉ် စစ်တပ် ရောက်ရှိလာပြီး ရခိုင် ၁၅ ဦးခန့်ကို ဖမ်းဆီး၍ အခြေအနေကို တည် ငြိမ်အောင် ထိန်းသိမ်းခဲ့ကြောင်း သိရသော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို မင်းပြားလူထုက ၀ိုင်းဝန်း တောင်းဆိုသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဦးသာကျော်က ဆိုသည်။

ယခုအခါ မင်းပြားမြို့ပေါ် အခြေအနေမှာ တည်ငြိမ်နေသော်လည်း နယ်များတွင် အခြေအနေ ဆိုးရွားနေ ကြောင်း သိရပြီး မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ အနီးရှိ သရက်အုပ် မွတ်ဆလင်ကျေးရွာလည်း မီးရှို့ခံရပြီး မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာရှိ ရခိုင်နှင့် မွတ်ဆလင်ရွာ အကြား တိုက်ခိုက်မူများ ပေါ်ပေါက်နေသည်ဟု သိရသည်။ သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရရှိသေးပါ။

Most read this week