စစ်တွေမြို့ ဆန္ဒပြမှု မာရမာကြီး အသင်း ဥက္ကဌ ခံဝန် လက်မှတ် ရေးထိုးရ

စစ်တွေမြို့ ဆန္ဒပြမှု မာရမာကြီး အသင်း ဥက္ကဌ ခံဝန် လက်မှတ် ရေးထိုးရ
by -
နိရဥ္စရာ

စစ်တွေမြို့ ဆန္ဒပြရာတွင် ခွင့်ပြုချက်ထက် ကျော်လွန်ပြီး ပြုလုပ်ခဲ့သဖြင့် ရခိုင်ပြည်နယ် မရမာကြီး အသင်း ဥက္ကဌ ဦးမောင်နုကို သက်ဆိုင်ရာက ခေါ်ယူပြီး ခံဝန် လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု သိရသည်။

မာရမာကြီး လူမျိုးများ စစ်တွေတွင် ဆန္ဒပြနေကြစဉ်။
စစ်တွေရှိ ဘင်္ဂလာဒေ့ချ်နိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီးနောက် ယခုလို ခံဝန် လက်မှတ် ရေထိုးခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဦးမောင်နုက ပြောသည်။

“ဟုတ်ပါတယ်။ ပြည်နယ် ရဲမှူးကြီး နေမျိုးက ထိုးခိုင်တာပါ။ ကျွန်တော်တို့ ဆန္ဒပြတဲ့ အခါ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ပြီး ဆန္ဒပြဖို့ ခွင့်ပြုချက် မပါဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ ထိုးခိုင်းတာပါ။ သူတို့ပြောတာက အခု ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုမရှိသေးတဲ့အတွက် ဒီလို ဆန္ဒပြတာကို ခုတုံးလုပ်ပြီး အချောင်သမားတွေ ၀င် လာနိုင်တဲ့အတွက် ဥပဒေမဲ့ အလုပ်တွေကို မလုပ်ပါနဲ့လို့ ပြောပါတယ်”

စက်တင်ဘာလ ၂၉ ရက်နေ့ ညဉ့်အချိန် ဘင်္ဂလာဒေ့ချ်နိုင်ငံ ပန်ဝါခေါ် ရာမူးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ခံရပြီး မာရမာကြီးနေအိမ်များ မီးရှိုခံရသည်ကို ကန့်ကွက်သည့်အနေဖြင့် မာရမာကြီးအသင်းနှင့် ရခိုင်ကွန်ယက်မှလူငယ်များ ဘင်္ဂလာကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ ခဲ့ခြင်း ဖြစ်သည်။

အစ ကနဦးတွင် မာရမာကြီးအသင်းနှင့် ရခိုင်ကွန်ယက်မှလူငယ်များက ကောင်စစ်ဝန်ထံ စာပေးပို့ရန် စီစဉ်ထားသော်လည်း ကောင်စစ်ဝန်ရုံးမှ တစုံတယောက်မှ စာလက်မခံသည့်အတွက် လူစု လူဝေး ဖြစ်သွားရခြင်းဖြစ်ကြောင်း ဦးမောင်နုက ပြောသည်။

“ကျွန်တော်တို့ ဆန္ဒပြတဲ့အခါ ကောင်စစ်ဝန်က ထွက်မလာတဲ့အတွက် တာဝန်ရှိသူတယောက်ယောက် စာလက်ခံပေးပါလို့ တောင်းဆိုတဲ့အခါလည်း တယောက်မှမလာဘူး။ အဲဒီအိမ်ကိုလည်း သော့ခတ် ထားတယ်။ ကျွန်တော်တို့စာပေးဖို့လာတာကို စာလက်မခံတဲ့အတွက် ကျွန်တော်တို့ဆန္ဒပြဖို့ ဖြစ်သွားပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ခံဝန်လက်မှတ်ထိုးရသည့်အပေါ်မှာ သူ့နေနှင့်တစုံတရာမပြောလိုသော်လည်း ရခိုင်ပြည် အရေးသည် မာရမာကြီးများအရေးဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည့် သက်၊ မြို၊ မာရ မာကြီး၊ ဒိုင်းနက်စသည့် ရခိုင်တိုင်းရင်းသားများအနေနှင့် ရခိုင်မြေပေါ်တွင် နေထိုင်ပြီး ရခိုင်မြေ အပေါ် သစ္စာရှိရန်လို အပ်သည်ဟု ဦးမောင်နုက ပြောသည်။

ယခုလက်ရှိ စစ်တွေမြို့အခြေအနေမှာ အနည်းငယ် လူပ်လူပ်ရှားရှား ဖြစ်နေပြီး လုံခြံုရေး တပ်ဖွဲ့ဝင်များကို နေရာ အနှံ့အပြားတွင် ချထားကာ မျက်ခြေမပြတ် စောင့်ကြည့် နေသည်ကို တွေ့ရကြောင်း သူကပြောသည်။

Most read this week