စက်တင်ဘာလ ၂၇ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာ အလယ်တန်းကျောင်းသူ တဦး ထင်းခွေသွားရာမှ သစ်တုံး ပိပြီး သေဆုံးသွားသည်ဟု သိရသည်။
ဒုတိယ ရဲတပ်ကြပ် ဦးထန်းကီး၏ သမီး သတ္တမတန်းကျောင်းသူကလေး မထက်စိုးစံသည် ကျောင်း ဆရာ၊ ဆရာမ များ၏ ခိုင်းစေမှုကြောင့် ဘုန်းကြီးကျောင်း အလှူအတန်းပြုလုပ်ဖို့ ထင်းခွေစဉ် နွယ်ဖြင့် ရစ်ပတ်နေသော သစ်တုံး ပြုတ်ကျ၍ သေဆုံးခဲ့သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ကျောင်းတာဝန်ရှိများမှ မထက်စိုးစံ မိဘ များအား နာရေး ကျပ်ငွေ ၅ သိန်း ကူညီထားပြီး လူမှု ရေးအရ ပြေလည်ထားကြောင်း ထပ်မံသိရသည်။
“ယခင်နှစ် ကိုယ်ထူကိုယ်ထ ကားလမ်းဖောက်လုပ်စဉ် ခုတ်လှဲထားသည့် သစ်ပင်ဟာ နွယ်ပေါ်မှာ ကျန်နေခဲ့တာ ကလေး မလေးက နွယ်ပင်တွေကို ဆွဲနှုတ်ရာမှ အမှတ်မထင် ပိကျခံရတာပါ” ဟု ကန်ပက်လက်လူမှုရေးကွန်ယင်မှ ပြောရေး ဆိုခွင့်ရှိသူ တဦးက ပြောသည်။
ကန်ပက်လက်မြို့နယ်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသူကျောင်း သားများသည် ကျောင်း ဆရာ၊ ဆရာမများ လူမှုရေးလိုအပ်ချက်ဖြစ်သည့် ထင်းခွေ၊ စပါးထောင်း၊ ရေခပ်ပေးလေ့ရှိကြသည်။