KIO ဟု စွပ်စွဲခံရသည့် ဦးဘရန်ရှောင် အမှု စွဲချက်တင်ပြီ

KIO ဟု စွပ်စွဲခံရသည့် ဦးဘရန်ရှောင် အမှု စွဲချက်တင်ပြီ
by -
မဇ္စျိမ

ကချင်စစ်ပြေးဒုက္ခသည်စခန်းတခုမှ ဖမ်းဆီးခံထားရသည့် ဦးလထော် ဘရန်ရှောင်အား ကချင်လွတ်လပ်ရေး အဖွဲ့ KIO အဖွဲ့ဝင်ဖြစ်သည်ဟူသော စွပ်စွဲချက် တင်သင့်ကြောင်း မြစ်ကြီးနား မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြင့်ထူးမှ တနင်္လာနေ့က အမိန့်ချလိုက်သည်။

ဦးဘရန်ရှောင်မှာ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ခိုလှုံနေစဉ် ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲ၍ ဖမ်းဆီးခံခဲ့ရကာ နောက်ပိုင်းတွင် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

“သူ့ကို ၂ဝဝ၄ ကနေ ၂ဝ၁၁ ထိ KIO ဝန်ထမ်းလုပ်တယ်၊ အပြစ်ရှိတယ်ဆိုပြီး စွဲချက်တင်ပြီး ဖြေရှင်းဖို့ အမိန့်ချလိုက် တယ်။ စရဖတွေ ထွက်ဆိုချက်ကိုပဲ အတည်ပြုလိုက်တဲ့ သဘောပဲ” ဟု အကျိုးဆောင်ရှေ့နေ ဦးမာခါးက ပြောသည်။

လေးလကြာ ဖမ်းဆီး ထိန်းသိန်းခံထားရသူ ဦးဘရန်ရှောင်သည် KIO ဝန်ထမ်းမဟုတ်ဘဲ ချုပ်နှောင်ခံနေရခြင်းမှာ ကျေနပ်စရာ မရှိကြောင်း ၎င်းက မဇ္စျိမကို ဆက်ပြောသည်။ 

“စိတ်ညစ်စရာပါ။ အပြစ်မရှိတဲ့လူကို အချိန်အကြာကြီး ဖမ်းထားတယ်။ ခု စွဲချက် တင်လိုက်ရင် ဖြေရှင်းနေရတာက အချိန်ပိုကြာတယ်။ မတရား ခံစားနေရတယ်။ လူပင်ပန်း၊ စိတ်ပင်ပန်း လုပ်ခိုင်းနေတယ်။ ကျေနပ်စရာ လုံးဝ မရှိပါဘူး” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

ဦးဘရန်ရှောင် လွတ်မြောက်လာမည်ဟု မျှော်လင့်ချက်ဖြင့် ယနေ့ တရားရုံးသို့ ဘာသာရေး အသင်းတော်
ခေါင်းဆောင်များ ၂ဝ ဦးခန့် လာရောက် စောင့်မျှော်နေခဲ့သော်လည်း စိတ်ပျက်စွာဖြင့် ပြန်သွားခဲ့ကြသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမှုအား ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

Most read this week