သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အမှတ် ၂ စျေးအတွင်းရှိ ဆိုင်ခန်းခများ ရုတ်တရက် တိုးမြှင့် ကောက်ခံ လိုက်သည့် အပေါ် မကျေနပ်သဖြင့် စျေးသူစျေးသား ၃၀ ခန့်က မူစယ်မြို့ခရိုင်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ် စည်ပင်ဋ္ဌာနများသို့ ယနေ့ စာ ရေး တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည် ။
စျေးဆိုင်ခန်းများအား နှင်းနှင်းခိုင်ကုမ္ပဏီမှ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ၄င်းကုမ္ပဏီမှ အောက်တိုဘာလ အတွက် ဆိုင်ခန်း ခများကို တရုတ်ငွေယွမ် ၄၀၀ မှ ယွမ် ရ၀၀ အထိ တိုးမြှင့်ကောက်ခံသဖြင့် စာရေးတိုင်ကြား ခြင်းဖြစ်ကြောင်း စျေးအသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ပထမတော့ ဆိုင်ခန်းတစ်ခန်း တစ်လ ယွမ် ၃၀၀ ပေါ့နော် နောက် ၄၀၀ အထိတက်လာတယ် အခုစာ ထွက်တာ ယွမ် ရဝဝ အထိ တက်တောင်းတာပေါ့နော် စျေးကဖွင့်တာမကြာသေးဘူး မစည်သေးဘူးပေါ့နော် အဲဒါကြောင့် စျေးသူစျေးသား ၃၀ လောက်က ရှေ့နေငှားပြီးမှ စည်ပင်ရယ် ခရိုင်အုပ်ချုပ်ရေးရုံးရယ်ကို စာတင်လိုက်တယ် ” ဟု ၄င်းစျေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
အဆိုပါစျေးမှာ စည်ပင်သာယာဋ္ဌာန ကြီးကြပ်မှုအောက်မှ ကင်းလွတ်နေသဖြင့် စျေးအတွင်း အမှိုက်သရိုက် များ သိမ်း ဆည်းမည့်သူ မရှိခြင်း ၊ ရေနူတ်မြောင်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်နေကာ လျှပ်စစ်မီးခမှာ တစ် ယူနစ် တရုတ်ငွေ ၂ ယွမ် နှုန်း ပေးဆောင်ရကြောင်း သိရသည်။