ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အလုပ်သမားများ လစာအခက်အခဲဖြစ်

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အလုပ်သမားများ လစာအခက်အခဲဖြစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ၀င်ရောက် အလုပ် လုပ်ကိုင်နေသော ဒေသခံ အလုပ်သမားများအား အိန္ဒိယနိုင်ငံမှ PunjLloyd ကုမ္ပဏီက လစာကို မပေးဘဲ ထားသဖြင့် အလုပ်သမားများ အခက်အခဲ ဖြစ်နေသည်။

Gas-pipeline

တရုတ်် နိုင်ငံပိုင် စီအန်အန်ပီ ကုမ္ပဏီ၏ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများကို အိန္ဒိယ ကုမ္ပဏီ PunjLioyd က လာရောက် လုပ်ကိုင်နေခြင်း ဖြစ်သည်။ ဒေသခံ အလုပ်သမားများ အနေဖြင့် လုပ်ငန်းကဏ္ဍ အသီးသီးတွင် နေ့စား လုပ်ကိုင်နေကြပြီး လစာငွေ မရသည့် အတွက် အခက်အခဲ ဖြစ်နေကြောင်း လက်သမားဆိုဒ်တွင် လုပ်ကိုင်နေသူ ဦးသောင်းရွှေက ပြောသည်။

“တရုတ်ကုမ္ပဏီက သူတို့ PunjLloyd ကို ငွေပေးပါတယ်။ ဒါပေမယ့် အိန္ဒိယ ကုမ္ပဏီက လုပ်အားခတွေကို ပုံမှန် ငွေမရှင်းတာသာ ဖြစ်ပါတယ်။ တစ်လ ပေးတယ်။ နောက်နှစ်လ မပေးဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမားတွေမှာ ခုလို ပုံမှန် ငွေမရှင်းတော့ အခက်ကြံုပြီး အခုတော့ အလုပ်မဆင်းကြတော့တာ ဖြစ်ပါတယ်”

အလားတူ အင်ဂျင်နီယာ တဦးဖြစ်သူ ကိုစိုးခိုင်ကလည်း “ခုလို ဖြစ်နေတဲ့ အတွက် အလုပ်မဆင်းသူတွေလည်း ရှိပါတယ်။ လစာ ရနိုးနိုး မျှော်ကိုုးပြီး အလုပ်ဆင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အလုပ်ဆိုက်တွေမှာလည်း ဆင်းတဲ့သူ ရှိသလို မဆင်းတဲ့သူတွေလည်း  ရှိပါတယ်။ ကျွန်တော်တို့လည်း PunjLloyd နဲ့ ကန်ထရိုက် ယူပြီး အလုပ် လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက ငွေမရှင်းတော့ အလုပ်သမားတွေကို လစာမပေးနိုင်ဘဲ ဖြစ်နေပါတယ်။ အလုပ်သမားတွေနဲ့ မျက်နာ ပျက်ရပေါင်းလည်း များနေပါပြီ။ အိန္ဒိယ ကုမ္ပဏီနဲ့ အလုပ် လုပ်ရတာ ပြဿနာကတော့ နေ့တိုင်း တက်နေပါတယ်” ဟု ပြောသည်။
Gas-pipeline-arakan
အိန္ဒိယ ကုမ္ပဏီ PunjLloyd သည် ငွေ ၁၀၀ ပေးစရာရှိရာတွင် ငွေ ၁၀ ကိုသာ ထုတ်ပေးပြီး ကျန် ၉၀ ကို မပေးဘဲထားကြောင်း၊ ဤသည်မှာ သူတို့ အလေ့အထ ဖြစ်ကြောင်း၊ ငွေများကို ပုံမှန် ထုတ်မပေးသဖြင့် သူတို့နှင့် အလုပ်တွဲလုပ်နေသည့် မြန်မာကုမ္ပဏီများမှာ အထူး ဒုက္ခရောက်နေကြရကြောင်း သူက ဆိုသည်။

အိန္ဒိယ ကုမ္ပဏီ PunjLloyd နှင့် ကန်ထရိုက်ယူပြီး လုပ်နေသော မြန်မာ ကုမ္ပဏီ လေး- ငါးခုခန့်တွင် အလုပ်သမား ၈၀၀ ခန့် ရှိ၍ ဆောက် လုပ်ရေး လုပ်ငန်းများတွင် အဓိက တာဝန်ယူ လုပ်ဆောင်နေသလို ကျောက်သယ် ကျောက်ပြောင်း၊ ကားမောင်း ဒရိုင်ဘာ လုပ်နေသူများလည်း ရှိသည်ဟု ဆိုသည်။

ယခုကဲ့သို့ အိန္ဒိယ ကုမ္ပဏီမှ အလုပ်သမားများ၏ လစာကို ပုံမှန် မထုတ်ပေးဘဲ ထားသော်လည်း မည်သည့် နေရာကိုမှ တိုင်ကြား၍ မရဘဲ ဖြစ်နေကြောင်း ဦးသောင်းရွှေက ဆိုသည်။

“ နိုင်ငံခြား ကုမ္ပဏီဆိုတော့ ဘယ်သူ့ကိုမှ တိုင်လို့ မရဘူး။ ခရိုင် အုပ်ချုပ်ရေးမှူးလည်း ဘာမှ လုပ်မပေး နိုင်ဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ဘာမှ မတတ်နိုင်ဘူး။ နိုင်ငံတော် စီမံကိန်းတွေ ဖြစ်တဲ့ အတွက် သူတို့ကို ဘယ်သူမှ မပြောရဲဘဲ ဖြစ်နေပါတယ်။ အလုပ်သမားတွေကိုကျတော့ မနားမနေ အသေကုန် ပိတ်ကန် ခိုင်းတာပါဘဲ။ ထိုက်တန်တဲ့ လစာကို ကျတော့ မပေးချင်ဘူး။ ဒေသခံ အောက်ခြေအလုပ်သမား တွေ ခေါင်းပုံဖြတ် အနိုင်ကျင့် ခံနေရပေမယ့် ဘယ်သူမှ အရေးယူဆောင်ရွက် ပေးတာ မရှိဘူး” ဟု ပြောသည်။

၎င်းပြင် အိန္ဒိယ ကုမ္ပဏီ PunjLloyd သည် မြန်မာ အစိုးရနှင့် သဘောတူညီမူ တချို့ကို ချိုးဖေါက်နေသည်ဟု အင်ဂျင်နီယာ ကိုစိုးခိုင်က ပြောဆိုသည်။

“ မြန်မာ အစိုးရနဲ့ သဘောတူညီထားတဲ့ အထဲမှာ အင်ဂျင်နီယာ၊ အရာရှိနဲ့ ဖိုမင် အဆင့်ဘဲ သူတို့နိုင်ငံက ခေါ်ယူလာရမယ် ဆိုပြီး သဘောတူညီချက်တွေ ပါ၀င်ပါတယ်။ အခုသူတို့က ဘင်္ဂလီ အလုပ်သမားတွေကို တသုတ်ပြီး တသုတ် ခေါ်ယူလာပါတယ်။ ဘင်္ဂလီဆိုပေမယ့် ဘင်္ဂလာဒေချ့်က မဟုတ်ပါဘူး။ ကာလကတ္တား ဘက်ကနေ ခေါ်လာတာပါ။ အရင်က ကျွန်တော်တို့ဆိုက်မှာ ဆိုရင် ဘင်္ဂလီ အိန္ဒိယ လုပ်သား ၁၉ ယောက်လောက်ဘဲ ရှိတယ်။ အခုတော့ ၆၀၊ ရ၀ ရှိနေပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ အိန္ဒိယ PunjLloyd အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ချိုးဖေါက်နေသည်သာမက မြန်မာ အစိုးရနှင့် သဘောတူညီမူများကိုပါ ချိုးဖေါက်ပြီး ဆောင်ရွက်နေသော်လည်း မည်သည့် မြန်မာ အရာရှိမှ မိမိတို့၏ အလုပ်သမားများဘက်မှ ခုခံ ကာကွယ် ပေးခြင်း မရှိသလို နိုင်ငံခြား အလုပ်သမားများ အပေါ်တွင်လည်း တစုံတရာ စိစစ်ခြင်း၊ စစ်ဆေး မေးမြန်းခြင်း များ မရှိကြောင်း သိရသည်။

Most read this week