OIC ရုံး ဖွင့်မည့်ကိစ္စ သံတွဲလူထု သောင်းချီ ဆန္ဒပြ

OIC ရုံး ဖွင့်မည့်ကိစ္စ သံတွဲလူထု သောင်းချီ ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်အတွင်း မြို့နယ်အသီးသီး၌ OIC ရုံး မဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေရာ အောက်တိုဘာ ၂၁ ရက်နေ့က သံတွဲမြို့၌ လူပေါင်းသောင်းချီ၍  ဆန္ဒထုတ်ဖေါ်ခဲ့ ကြသည်ဟု သတင်းရရှိသည်။

သံတွဲတွင် အိုအိုင်စီရုံးကို မလိုကြောင်း ဆန္ဒပြနေကြစဉ်။ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲအား မွန်းလွဲ ၁ နာရီမှ ၂ နာရီ အချိန် ခန့်အထိ ပြုလုပ်ခဲ့ပြီး ရဟန်းတော်များ အပါအဝင် ပြည်သူ စုစုပေါင်း တစ်သောင်းကျော်ခန့် ပူးပေါင်း ဆင်နွဲခဲ့ကြသည်ဟု မြို့ခံ တစ်ဦးဖြစ်သူ ကိုထွန်းဖေက နိရဥ္စရာသို့  ပြောသည်။

“ဒီနေ့ဆန္ဒပြတဲ့ အထဲမှာ လူပေါင်းသောင်းချီ ပါ၀င်ကြပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် အတွင်းမှာ OIC ရုံး မဖွင့်ဖို့ကို မြန်မာ တိုင်းရင်းသားတွေနဲ့ရော ရခိုင်ပြည်သူတွေ နဲ့ပါ သဘောထား အတူတူရှိတယ် ဆိုတာကို သံတွဲမြို့ခံတွေက နိုင်ငံတကာနဲ့ မြန်မာ နိုင်ငံတော်အစိုးရကို သိအောင် ဒီကနေ့မှာ ထုတ်ဖေါ် ပြသ ကြတာဖြစ်ပါတယ်”  ဟု ပြောသည်။

ဆန္ဒထုတ်ဖေါ်သူများမှာ OIC စီကိုကန့်ကွက်သည့် စာတမ်းများ ရေးထိုးထားသော တီရှပ်အကျင်္ ီများကို ဆင်တူ  ၀တ်ဆင်ပြီး  OIC အလိုမရှိ၊  OIC ရုံးကို ဖျက်သိမ်းပေး၊ သမ္မတကြီးအား ထောက်ခံပါသည် စသည့်  တောင်းဆို ချက် ဆိုင်းဘုတ်များ ရေးသား ကိုင်ဆောင်ပြီး  ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြချီတက် လမ်းလျှောက်ရာတွင် အနှောင့်အယှက် တစ်စုံတစ်ရာ မရှိသော်လည်း လုံခြံုရေး တပ်ဖွဲ့များ အများအပြား ချထားခဲ့သည်ဟု ဆိုသည်။
ကျောက်ဖြူတွင် OIC ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြနေကြစဉ် (ဓါတ်ပုံ – နိရဥ္စရာ)
အလားတူ ရခိုုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း OIC ရုံး ဖွင့်လှစ်မည့်ကိစ္စ ကန့်ကွက်သည့် ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ရာ လူ ၈၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ လူငယ်ကွန်ယက်မှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဘုရားကြီးကျောင်းကွင်းတွင် စုရပ် သတ်မှတ်၍ မွန်းတည့် ၁ နာရီ အချိန်တွင် စတင်ခဲ့သည်။ ရဟန်းတော်များ၊ ကျေးလက်ဒေသမှ ပြည်သူများ ပူးပေါင်း ပါ၀င်ခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်ဟု ကိုယ်တိုင်ပါ၀င်ခဲ့သူ ဦးသန္တာမောင်မောင်က ပြောသည်။

“လူတွေက အားရစရာ ကောင်းပါတယ်။ ဘုရားကြီးကွင်းကနေ စျေးလမ်းအတိုင်း ချီတက်ပြီး အဲဒီက တဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီးတော့ နာရီစင်ကွင်းမှာ အဆုံးသတ်ပါတယ်။ တောင်းဆိုတာက အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကို အလိုမရှိ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင်အထည်ဖေါ်ပေးပါ။ နို်င်ငံတော် သမ္မတက ကျေညာထားတဲ့ အချက် (၃) ချက်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးပါ ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူ ဆန္ဒပြပွဲသို့ ဇင်ချောင်း၊ ဂုံးရှိန်စသည့် နယ်ကျေးရွာများမှ ပြည်သူများလည်း ပူးပေါင်း ပါ၀င် ခဲ့ကြသည်ဟု သိရသည်။

ယခုလ အတွင်း OIC ရုံးမဖွင့်လှစ်ရန် အတွက် ကန့်ကွက် ဆန္ဒြ့ပပွဲများကို သက်ဆိုင်ရာမှ ခွင့့်ပြုချက်ဖြင့် ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင်သာမက ရန်ကုန် ၊ မန္တလေး စသည့် မြို့ကြီး အတော်များများတွင် ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြ ထုတ်ဖော်မှုများကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောဆိုခဲ့ကြောင်း သိရသည်။

Most read this week