OIC ကို အမေရိကန်တွင်လည်း ဆန္ဒပြ

OIC ကို အမေရိကန်တွင်လည်း ဆန္ဒပြ
by -
နိရဥ္စရာ

မြန်မာ တိုင်းရင်းသား ၁၀၀ ခန့်က  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရုံးချုပ်ရှေ့သို့ သွားရောက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

USA-Buddhist-community-protest-against-OIC
ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံတွင် Organization of Islamic Cooperation (OIC) အနေဖြင့် ရုံးခွဲများဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေခြင်း အပေါ်  ကန့်ကွက်ခဲ့ ကြပြီး၊ ဆန္ဒပြသူများက မြန်မာပြည်သူလူထု၏  သဘောထားကို လေးစားလိုက်နာရန် OIC ကို တောင်းဆိုခဲ့ကြသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ OIC ကိုယ်စားလှယ်ရုံးရှေ့တွင် ပြုလုပ် ခဲ့ကြသော အဆိုပါ ဆန္ဒပြပွဲသို့  ရခိုင်လူမျိုးများ အပြင် ယနေ့မြန်မာသတင်းဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) နှင့် International Foundation for Burma National Congress တို့မှကိုယ်စား လှယ်များတစ်ချို့လည်း ပူးပေါင်း ပါ၀င်ခဲ့ကြသည်။

International Foundation for Burma National Congress ဥက္ကဌ ဦးရဲထွဋ္ဋ်က ဒေသခံ ပြည်သူများ၏ သဘောထားကို လေးစား လိုက်နာရန် လိုကြောင်း ယခုလို ထောက်ပြ ပြောဆိုသည်။

“ဒီကိစ္စကို ကျနော်တို့ လုံးဝလက်ခံလို့ မဖြစ်ဘူး။ ရခိုင်တွေကသာမက တိုင်းရင်းသားပေါင်းစုံ ပြတ်ပြတ် သားသား ကန့်ကွက်ရမယ်။ အခုဆို ပြည်တွင်းမှာလည်း ဆန့်ကျင်နေကြပြီ၊ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာ တွေလည်း ကန့်ကွက်ကြရမှာဖြစ်တယ်။ ဒေသခံ ပြည်သူလူထုရဲ့ သဘောထား မပါဘဲနဲ့ အတင်းဆက် လုပ်မယ်ဆိုရင်၊ ပြဿနာတွေ ပိုရှုပ်လာမှာပဲ”  ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ OIC ရုံးဖွင့်ရေးကို လက်မခံကြောင်း မြန်မာ အစိုးရက ပြောဆိုထားသော်လည်း  တရားဝင် စာထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးခိုင်အောင်ကျော်က ဆိုသည်။

“ မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်း အတာအနေနဲ့  OIC ရုံးဖွင့်မှာကို ကန့်ကွက် ဆန္ဒပြ တောင်း ဆိုခဲ့ကြတဲ့ အတွက် နိုင်ငံတော်သမ္မတ ရုံးကနေ OIC ရုံးခန်း ဖွင့်မှာ မဟုတ်တော့ဘူးလို့ ပြောဆို တာကို ကြားရပါတယ်။ ဒါကို  တရားဝင် ထုတ်ပြန် ကြေငြာပေးဖို့လိုတယ်။  လက် မှတ်ထိုးထားတဲ့  နယ်စပ်ရေးရာ ၀န်ကြီးဌာ ၀န်ကြီး ကိုယ်တိုင်ကလည်း ပယ်ဖျက်လိုက်ပြီး ဖြစ်ကြောင်း OIC ရုံးချုပ်ကို တရားဝင် အကြောင်းကြားဖို့ လိုအပ် နေပါသေးတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ ကိုမိုးချမ်းကလည်း ယခုဖြစ်ပေါ်နေသော အခြေအနေများကို ပြည့်သူ့ လွတ်တော် အမတ် များက အစိုးရကို တိုက်တွန်းရန်လိုအပ်ကြောင်း နိရဥ္စရာသို့ ပြောသည်။

“အခုအချိန်မှာ ပြည်သူ့ လွွှတ်တော်တက်ရောက်နေကြတဲ့ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီ  လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်ထဲမှာ OIC ရုံးဖွင့်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား တောင်းဆို တိုက်တွန်းပေးဖို့ လိုပါတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုလှဌေးက ပြည်သူနှင့်ဆိုင်သော လုပ်ငန်းများတွင်  ပြည်သူ့ အသံကို အလေးထားရန် လိုအပ်ကြောင်း၊ ထိုသို့ အလေးမထားဘဲ လုပ်ဆောင်ပါက လူ့အခွင့်အရေး ချိုးဖေါက်ခြင်းပင် ဖြစ်သည်ဟု ပြောဆိုသည်။

“OIC ရဲ့အစီအစဉ်ကို လက်ခံလို့မဖြစ်ဘူး၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေပဲလုပ်လုပ်၊ ငြိမ်းချမ်းရေး လုပ်ငန်းပဲဆိုဆို ဘာပဲဖြစ်ဖြစ် ဒေသခံတွေရဲ့အသံတွေကို အလေးထားရမယ်။ ဒေသ ခံပြည် သူလူထုသဘောတူညီချက်ကို ရယူဖို့ လိုတယ်။ အခုဆို မြန်မာပြည်မှာရော၊ ပြည်ပတွေမှာပါ ကန့်ကွက် လာနေကြပြီ၊ ဒါကို အလေးမထားပဲ ရှေ့ဆက်ကြိုးစားနေမယ်ဆိုရင် ဒါ ဒေသခံတွေ အပေါ် လူ့အခွင့် အရေး ချိုးဖေါက်တာပဲ” ဟုပြောသည်။

ဆန္ဒပြသူများ မြန်မာပြည်သူများ၏ အသံကို လေးစားပါ၊ OIC ရုံးဖွင့်မည်ကို ရပ်တန့်ပေးပါ ဟု ကြွေးကြော် ခဲ့ကြသည်။

၎င်းအပြင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကိုကျော်ကျော်မှ ဖတ်ကြားပြီး ၎င်းကြေညာချက်ကို မမေစန္ဒာစိုးညွန် ့က OIC ရုံးချုပ်ရှေ့ စာတိုက်ပုံးမှ တဆင့် ပေးပို့  လိုက်သည်ဟု သိရသည်။

OIC သည် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခု မဟုတ်ခြင်း၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ ကဲ့သို့ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခု မဟုတ်ခြင်း၊ OIC သည်ဘာသာရေးကိုအခြေခံပြီးဖွဲ့ စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းအပြင် မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်ခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ရုံးခန်းများဖွင့်ရန် ကြိုးစားနေခြင်းကို ရပ်တန့်ပေး ရန် ထုတ်ပြန် ကြေညာချက် တွင် ရေးသားထားသည်။

ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ အမေရိကန်စံတော်ချိန် နေ့လည် တစ်နာရီတွင် ပြုလုပ်ခဲ့ခြင်း  ဖြစ်ပြီး မြန်မာ နိုင်ငံမှ ရောက်ရှိနေကြသော ဗမာ၊ မွန်၊ ရခိုင်နှင့် ကရင်တိုင်းရင်း ၁၀၀ ခန့်  ပူးပေါင်း ပါ၀င်ခဲ့ကြသည်။

Most read this week