ရခိုင်များနှင့် ဘင်္ဂလီများ သီးသန့်စီ ထားပေးရန် မြေပုံမြို့တွင် ဆန္ဒပြ

ရခိုင်များနှင့် ဘင်္ဂလီများ သီးသန့်စီ ထားပေးရန် မြေပုံမြို့တွင် ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ပြဿနာများအပေါ် အခြေခံ၍ ဘင်္ဂလီလူမျိုးများကို ရခိုင်လူမျိုးများနှင့် အတူတကွ မထားဘဲ သီးသန့်နေရာများသို့ ပို့ဆောင်ပေးရန် ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ နံနက်က  ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

 မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။ဆန္ဒဖေါ်ထုတ်ပွဲကို ရဟန်းတော်များအပါအဝင် ဒေသခံ မြို့မိ မြို့ဖများမှ နံနက် ၈ နာရီခွဲ အချိန်ခန့်က ပြုလုပ် ခဲ့ကြောင်း ပါ၀င်ခဲ့သူ ကိုမောင်မောင်က နိရဥ္ဖရာ သတင်းဌာနသို့ အခုလို ပြောသည်။

“ကျွန်တော်တို့ မြို့ဦးဘုရားကနေပြီးစထွက်ပါတယ်။ အဲဒီကနေ တောင််းဆိုမူတွေ လုပ်သွားပါတယ်။ ငါးလုပ်ငန်းရုံးရှေ့ကပြန်ပတ်ပြီးတော့ မြို့ဦးဘုရား ကို ပြန် ပတ်လာကြပါတယ်။ မြို့တပတ် ပတ်ကြပါတယ်။ လူကတော့ ၂၀၀၀ ကျော် ၃၀၀၀ ခန့်ရှိပါတယ်။ အစ တုန်းက နယ်ကလူတွေပါ ပါ၀င်ဖို့လို့ ခန်းမှန်း ထားပေမယ့် နယ်ကလူတွေက မရောက်ကြပါဘူး။ မြို့တပတ် လှည့် လည်ပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်” ဟု ကိုမောင်မောင်က ပြောသည်။

ဆန္ဒပြသူများက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ထောက်ခံကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရခိုင်နှင့် ဗုဒ္ဓဘာသာဝင်များ တိုက်ခိုက်ခံနေရသည့်အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်ပေးရန်အတွက် မြန်မာ အစိုးရ အနေဖြင့် ဖိအားပေး ပြောဆိုရန်နှင့် တရားမဝင် ၀င်ရောက်လာသည့် ဘင်္ဂလိီများအား တတိယနိုင်ငံသို့ ပို့ဆောင်မည်ဟု ကြေညာခဲ့သည့် သမ္မတအပေါ် ထောက်ခံကြောင်းအပါအဝင် လောလောဆယ် မြေပုံမြို့အတွင်း ဒေသအသီးသီးမှ ရောက်ရှိနေသည့် ဘင်္ဂလီများအား သက်ဆိုင်ရာ နေရာများသို့ ပြန်လည် ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့် ပတ်သက်၍ နေပြည်တော်တွင် ရောက်ရှိနေသည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “အခုအခါမှာ မူဆလင်တွေနဲ့ ရခိုင်တွေကို သီးခြားခွဲခြားထားဖို့ ဆိုတာက မြေပုံမြို့ အတိုင်းအတာနဲ့ ပြောတာ ဖြစ်ပါတယ်။ အခု စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသဖြင့် ဒီဒေသတွေမှာ မူဆလင်တွေနဲ့ ရခိုင်တွေဟာ အခုအချိန်မှာ တတ်နိုင်သလောက် သီးသီး ခြားခြားနေကြပါတယ်။ ရခိုင်တွေနေတဲ့ နေရာကို မူဆလင်တွေ ၀င်မရသ လို မူဆလင်တွေနေတဲ့ နေရာတွေကိုလည်း ရခိုင်တွေကလည်း မသွားပါ။ ဒီလို သီးသီးခြားခြားနေကြတဲ့ အချိန် မှာ မြေပုံမြို့နယ်မှာ မူဆလင်နဲ့ ရခိုင် အတူတကွ နေကြတဲ့ ရပ်ကွက်တွေ၊ လမ်းတွေ ရှိပါတယ်။ တနေ့နေ့မှာ ပြ ဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် မူဆလင်နဲ့ ရခိုင်ကို သီးခြား ခွဲခြားထားဖို့အတွက် တောင်းဆို ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။” ဟု ပြောဆိုသည်။

ထို့အပြင် “အခု ဖြစ်နေတာက တမြို့တည်းမဟုတ်။ မြို့တိုင်းမြို့တိုင်းမှာ ဖြစ်နေပါတယ်။ စစ်တွေမှာဆိုရင် အင်ဘာလာ ရပ် ကွက်မှာ ဖြစ်နေပါတယ်။ ဒီအချိန်ကာလမှာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာက တဖြည်းဖြည်း လုပ်ယူ သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ခါ အုပ်စုနှစ်စုဟာ မျက်နှာချင်းဆိုင် မဆိုင်ဘဲနဲ့ ခွဲခြား ထားနိုင်ရင် လောလော ဆယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်မှာဖြစ်ပါတယ်။ နောက်မှ တဖြည်းဖြည်း ကိုယ့်ဒေသရဲ့ ဥပဒေ လွှမ်းမိုးလာတဲ့အချိန်၊ တဦးနဲ့တဦး အချင်းချင်း နာလည်လာတဲ့အချိန်မှာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ ယုံ ကြည် ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ခွဲခြားထားတာဟာ အသင့် တော်ဆုံး ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟုု ဦးဖေသန်းက ဆက်လက် ပြောဆိုသည်။

အလားတူ ယနေ့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မင်းပြားမြို့တို့တွင်လည်း OIC ကို ကန့်ကွက်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင်ပိုစတာများကိုင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

Most read this week