မောင်တောနယ်စပ် နံ့သာတောင် ပရဟိတစာသင် တိုက်ကို WAO ငွေလှူ

မောင်တောနယ်စပ် နံ့သာတောင် ပရဟိတစာသင် တိုက်ကို WAO ငွေလှူ
by -
နိရဥ္စရာ

မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက် အစိုးရ မူလတန်း ပညာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရဆဲ ဖြစ််ရာ ကျောင်းသားအများစုမှာ နံ့သာတောင် ပရဟိတ စာသင်ကျောင်းကို မှီခိုအားထားပြီး ပညာသင်ကြားနေကြရကြောင်း သတင်း ရရှိသည်။

နံ့သာတောင်ရွာ ပရဟိတ ကျောင်းဟု လူသိများသော “နယ်စပ်ရေးရာ ရခိုင်အမျိုးသား/သမီး ပညာသင် ပရဟိတ စာသင်တိုက်”  အတွက် အကူအညီ အထောက်အပံ့များ အကြီးအကျယ် လိုအပ်နေရာ ယခုအခါ  နိုင်ငံတကာ ရခိုင်အသင်းကြီး ( WAO) မှ အမေရိကန် ဒေါ်လာ ၁၀၀၀ ပေးပို့ လှူဒါန်းလိုက်သည်ဟု ကျောင်းထိုင် ဆရာတော်က နိရဥ္စရာသို့ မိန့်ကြားသည်။

“ဦးဇင်း ဦးစီးဦးဆောင်ပြီး ဖွင့်လှစ်ထားတဲ့ ပရဟိတကျောင်းအတွက် အောက်တိုဘာလက WAO က ဒေါ်လာ ၁၀၀၀ လှူဒါန်းပါတယ်။ အဲဒီငွေအထဲမှာ ဦးခိုင်ကျော်ခိုင်က ၁၀၀ နဲ့ ဦးထွန်းဝင်းက ၁၀၀ ပါတယ်။ အဲဒါကြောင့် ဦးဇင်းရဲ့လုပ် ဆောင်ချက်ဟာ အောင်မြင်မှုရပါတယ်။ အမေရိကန်အခြေစိုက် WAO အဖွဲ့ကို ဦးဇင်းအနေနဲ့ အရမ်း ကျေးဇူးတင်ကြောင်း ပြောစေချင်ပါတယ်” ဟုဆိုသည်။

ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းကြောင့် အစိုးရကျောင်းများ မဖွင့်လှစ်နိုင် သည့် အတွက် နံ့သာတောင် ဘုန်းကြီး ဦးစရဏဦးဆောင်ကာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟုဆို သည်။

“ရခိုင်ပြည်နယ် အရေးအခင်းကြောင့် ဦးဇင်းတို့ရွာမှာ အစိုးရကျောင်းတွေ ခုထိမဖွင့်လှစ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ကိုယ်ထူကိုယ်ထ ကြိုးစားပြီး ဒီနှစ် ဇူလိုင်လ ၃ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ စဖွင့်တဲ့လကလည်း ပထမဆုံးအဖြစ် WAO က ကျပ်ငွေ ၁ သိန်းလှူဒါန်းခဲ့ပါတယ်။ ဒီလိုသာ မဖွင့်လှစ်နိုင်ရင် မြောက်များစွာသော ကျောင်းသားတွေရဲ့ ပညာရေးဟာ နစ်နာသွားမှာပါ” ဟုဆိုသည်။

ပရဟိတကျောင်းတွင် ကျောင်းသူ/သား အယောက် ၂၁၀ နှင့် ကျောင်းဆရာ/မ ၂၁ ဦး ရှိသည်။ သူငယ်တန်းမှ  ၁၀ တန်းအဆင့် အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးနေသည်ဟု သိရသည်။

ရလာသည့် အလှူငွေဖြင့် ကျောင်းသူ/ သားများအတွက် စာအုပ်၊ ခဲတံစသည့် စာရေး ကရိယာများ အပြင် ကျာင်းဆရာ/မများအတွက် လစာငွေ လစဉ်ပေးရကြောင်းနှင့် ညပိုင်းတွင် ဖယောင်းတိုင်မီးဖြင့်သာ စာကျက် နေရသဖြင့် မီးစက်တလုံး အရေးတကြီး လိုအပ်နေသည်ဟု မိန့်ကြားသည်။

“ဖြစ်နိုင်မယ်ဆိုတော့ မီးစက်တလုံး အရေးတကြီးလိုအပ်နေပါတယ်။ မီးစက်တလုံးအတွက် ကျပ်ငွေ ၅သိန်းဆို အဆင်ပြေပါတယ်။ အဲဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ အလှူရှင်တွေကို မိတ္တာရပ်ခံချင်ပါတယ်” ဟုဆိုသည်။

သူငယ်တန်းကနေ ၆ တန်းအထိကို တခြားကျောင်းဆရာ/မတွေပြခိုင်းပြီး ရ တန်းကနေ ၁၀ တန်းအထိ ကျောင်းထိုင်ဆရာတော် ဦးစရဏက ဦးဆောင်ပြသနေသည်ဟု ဆိုသည်။ စာပြချိန်မှာ မနက် ၁၀ နာရီကနေ မွန်းလွဲ ၁နာရီ အထိ တကြိမ်၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ တကြိမ် တရက်နှစ်ကြိမ်သတ်မှတ် ထား သည်။

နံ့သာတောင် ကျေးရွာမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး မောင်တောမြောက်ပိုင်း နစက နယ်မြေ (၃)တွင်တည်ရှိသည်။

Most read this week