အိန္ဒိယနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ဟောပြောပွဲ တွင် မိန့်ခွန်းပြောရန်အတွက် နိုဝင်ဘာ လလယ်တွင် နယူးဒေလီမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမည် ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ၉ ကြိမ်မြောက် နေရူး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမြွက်ကြားပေးမည်ဖြစ်ကြောင်း အစိုးရအရာရှိအား ကိုးကား၍ အိန္ဒိယ သတင်းစာများကရေးသားထားကြပြီး အဆိုပါခရီးစဉ်သည် တပါတ်ခန့် ကြာမြင့်မည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅ဝ ပြည့် အထိန်းအမှတ် ပန်းချီပြပွဲတွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
သို့သော် ထိုခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ် မသိရှိရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် များက ပြောသည်။
“ကျနော်တို့ ဒီအစီအစဉ်နဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူး။ နေပြည်တော်ကပဲ စီစဉ်တာ” ဟု အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြောဆိုသလို ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးအုန်းကြိုင် ကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌနှင့် မပြောဆိုဖြစ်ကြသေးကြောင်း မဇ္စျိမ၏ မေးမြန်းချက်ကို ဖြေကြားသွားကြသည်။
မေလ ၂၉ ရက်နေ့က အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဓီ၏ ဖိတ်ကြားချက်အား ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည့် ပဏ္ဍစ် ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ဟောပြောပွဲများကို နှစ်စဉ် ကျင်းပလာခဲ့ရာ ထင်ပေါ်ကြော်ကြားသော အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များ၊ သိပ္ပံပညာရှင် များ၊ နိုဘယ်ဆုရှင်များနှင့် စာပေပညာရှင် စသူတို့အား ဖိတ်ကြား၍ မိန့်ခွန်းမြွက်ကြား စေလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိပြီး ဗြိတိသျှ ကိုလိုနီ လက်အောက် မှ လွတ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံ လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ကြပုံကို အားကျ အတုယူခဲ့ကာ မဟတ္တမဂန္ဓီကြီး၏ အကြမ်းမဖက် တိုက်ပွဲဝင်ရေးဝါဒကို သက်ဝင် ယုံကြည်သူ တဦးလည်း ဖြစ်သည်။
မိခင် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံသို့ ၁၉၆ဝ ခုနှစ်က ရောက်ရှိလာခဲ့ပြီး နယူးဒေလီရှိ လေဒီရရှီရမ်ကောလိပ် (Lady Shri Ram College) တွင် ဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့သည်။
၂ဝ၁၁ ခုနှစ်က နယူးဒေလီမြို့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မနူရှီ အမျိုးသမီးမဂ္ဂဇင်းတို့ ပူးပေါင်းကျင်းပ သည့် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲသို့ ၎င်း၏ မွေးနေ့သဝဏ်အဖြစ် ဗီဒီယိုမက်ဆေ့ချ်တခု ပေးပို့ခဲ့ဖူးသည်။
အိန္ဒိယနိုင်ငံသည် သူ၏ နှလုံးသားတွင် အမြဲရှိနေပြီး အိန္ဒိယ အမျိုးသမီးများနှင့် မိတ်ဆွေ ဖြစ်ခဲ့ရမှုကိုလည်း အထူးတလည် သတိတရ ရှိရပါကြောင်း ဗွီဒီယို သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ အိန္ဒိယနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဟူသော ဂုဏ်ပုဒ်နှင့် အညီ နေသည်ကို တွေ့မြင်လိုကြောင်း လည်း ပြောကြားသည်။
၁၉၉၃ ခုနှစ် ဂျဝါဟာလာ နေရူး နိုင်ငံတကာနားလည်မှုဆု၊ ၁၉၉၆ တွင် ရာဂျစ်ဂန္ဓီဆု၊ ၁၉၉၇ တွင် ဒေလီ တက္ကသိုလ် ထူးချွန်ကျောင်းသူဆု၊ ၂ဝဝ၇ တွင် ဆူဘတ်ချန်ဒရာဘို့စ် ဆုနှင့် ၂ဝဝ၉ ခုနှစ် မဟတ္တမ ဂန္ဓီငြိမ်း ချမ်းရေးဆုတို့ကို ဒေါ်အောင်ဆန်းစုကြည် အား အိန္ဒိယ က ချီးမြှင့်ထားသည်။