KIO နယ်မြေ နာ့ဖော့ကျေးရွာတွင် ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ် ၁ ဦးကျ

KIO နယ်မြေ နာ့ဖော့ကျေးရွာတွင် ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ် ၁ ဦးကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-လိုင်ဇာသွားလမ်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေ လိုင်စင်ဘွမ် (Laisin Bum) အနီးရှိ နာ့ဖော့ (Nahpaw) ကျေးရွာသို့ စစ်ရေးလှုပ်ရှားလာသော မြန်မာအစိုးရစစ်သား ၁၀ ယောက်နှင့် ယနေ့ နေ့လည်တွင် KIA ခြေလျင်တပ်ရင်းမှပျောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ် ၁ ဦး သေဆုံးကြောင်း သိရသည်။

ဗန်းမော်ခရိုင် စစ်ပွဲတစ်ခုတွင် ကျဆုံးခဲ့တဲ့ မြန်မာအစိုးရ စစ်သားတစ်ဦး။
သေဆုံးသည့် မြန်မာအစိုးရ တပ်သားမှ Uniform နှင့် သေနတ် ၁ လက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ခြေလျင်တပ်ရင်းမှ ရရှိကြောင်း ရှေးတန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

လိုင်စင်အနီးရှိ မြန်မာအစိုးရတပ်စခန်း နာ့ဖော့ (Nahpaw) တွင် မြန်မာအစိုးရတပ် အင်အား ၁၀၀ ကျော်ရှိပြီး ၎င်းနယ်မြေတွင် လှုပ်ရှားနေသောတပ်သားများသည် နာ့ဖော့ (Nahpaw) ကျေးရွာ လူနေအိမ်များသို့ လှုပ်ရှားလာစဉ် KIA ခြေလျင်တပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အိမ်ခြေ (၃၀) ကျော်ရှိသည့် အဆိုပါကျေးရွာမှ ရွာသားများသည် ယခုချိန် မဂါယန် (Maga Yang) ဒုက္ခသည် စခန်းသို့ ထွက်ပြေးခိုလုံနေကြောင်းသိရသည်။

မြန်မာအစိုးရသည် စစ်အင်အားများတိုးချဲ့နေဆဲဖြစ်ပြီး ယနေ့ နံနက် မိုးမလင်းမီ ၂ နာရီချိန်ခန့်တွင်လည်း ဗန်းမော်ဘက်မှ စစ်ကား ၁၂ စီးဖြင့် တပ်မဟာ(၅) နယ်မြေသို့ စစ်အင်အားဖြင့် ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနား-လိုင်ဇာနှင့် ဗန်းမော်ကြားရှိ မြို့သစ် Je Hkak ကျေးရွာအနီးသို့ အင်အားတိုးချဲ့ လာသော မြန်မာအစိုးရတပ် ကား ၁၂  စီးကို KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) မှ မြေမြုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ကား ၁ စီးထိခိုက် ပျက်စီးခဲ့ကြောင်း အရာရှိတစ်ဦးဆိုသည်။

“ကားထဲမှာ ၃၀ ယောက်တော့ပါမယ်ထင်တယ်။ မိုးမလင်းခင်ဆိုတော့ တိတိကျကျမကြည့်ခဲ့ဘူး။” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ထိခိုက်မှု မရှိသော လက်နက်နှင့် ရိက္ခာတင်သော  ကား ၁၁ စီးကိုမူ ဒေါ့ဖုန်းယန် (Dawhpumyang) မြန်မာအစိုးရတပ် ခလရ (၁၄၂) ဖက်သို့ အင်အားဖြည့်ထားကြောင်းနှင့် မကြာမီတိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

Most read this week