ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ပြည်နယ်ရုံးမှာ အခုရက်ပိုင်းအတွင်း ဆိုင်ကယ်မောင်းလိုင်စင် လျှောက်ထားသူတွေ အလုယှက် လာရောက် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
ပြည်နယ် အစိုးရရဲ့ အမိန့် အရ လွိုင်ကော်မြို့ပေါ်မှာ စည်းကမ်းမဲ့မောင်းနေတဲ့သူတွေကို ယာဉ်ထိန်းရဲတွေ ကနေ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်း လိုင်စင်တွေ စတင် စစ်ဆေးနေပြီး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာကြောင့် ယာဉ်မောင်း လိုင်စင်တွေ ပြုလုပ်ပေး ရတာဖြစ်တယ်လို့ (ကညန)ရုံးမှဝန်ထမ်း တဦးက ပြောပါတယ်။
“အခု ဖမ်းခိုင်းတာကတော့ ဝန်းကြီးချုပ်ကိုယ်တိုင်က ဖမ်းခိုင်းနေတယ်။ သူတို့ ရုံးကဖမ်းခိုင်းတာမဟုတ်ဘူး။ တချို့ လူထုတွေက သူတို့ ဖမ်းခိုင်းတယ်လို့ ထင်မှားနေကြတယ်။”
ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်တွေ ပြုလုပ်ဖို့လျှောက်ထား သူတွေအတွက် နေ့စဉ်နှင့်အမျှ သင်တန်းပို့ချပေး နေတဲ့ ဝန်ထမ်းတဦးက သင်တန်းပို့ချနေစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲဘက်က သူတွေကလည်း လွိုင်ကော်မြို့မှာ လာရောက်ပြု လုပ်ကြတာကြောင့် ဆိုင်ကယ် မောင်းလိုင်စင် လုပ်တဲ့သူတွေ ပိုများလာတယ်လို့ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
ယာဉ်မောင်းလိုင်စင် ပြုလုပ်နေစဉ်အတွင်းမှာ ယာဉ်ထိန်းရဲက စစ်ဆေးလို့ လိုင်စင် မပြနိုင်ပါက ဒဏ်ငွေ တပ်ခံရကြောင်း "အခုက ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်ကို သူတို့ လုပ်ပေးတယ် လုပ်လို့ တစ်ရက်ထဲ နဲ့ ပြီးအောင် မလုပ်ပေးနိုင်ဘူး လူတွေ အရမ်းများနေတော့ သူတို့ကနောက်ရက်ပြန်ချိန်းတယ် နောက် ယဉ်ထိန်းရဲတွေက လမ်းမှာစောင့်ဖမ်းတယ် ရက်ချိန်းရှိလို့ ပြန်သွားယူပြောတာလဲ မရဘူး ဆိုင်ကယ်ကို သူတို့ ၅ ရက် ချုပ်ထားပြီးတော့ ဒဏ်ငွေ ၂ သောင်းကျပ်နဲ့ ပြန်ရွေးခိုင်းတယ်" လို့ လွိုင်ကော် မြို့ခံက ပြောပါတယ်။
သို့သော် တချို့သော ယာဉ်ထိန်းရဲတွေက အစိုးရကချမှတ်ထားတဲ့ ယာဉ်စည်းကမ်းအတိုင်း လိုက်မလုပ်ကြ တာကို တွေ့နေရတယ်လို့(ကညန) ရုံးဝန်ထမ်း တဦးက အခုလို ပြောပြခဲ့ပါတယ်။
ဆိုင်ကယ်လိုင်စင်တွေကိုလမ်းမှာစစ်ဆေးဖို့ စောင့်နေတဲ့ ရဲတွေမြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
"ဆိုင်ကယ် ညစ်ပတ်နေတာတို့ နောက် လူစီးဖို့ ခြေနင်း မခေါက်ပဲ ချထားတာတို့ကိုတော့ ကျမတို့ ကနေဖမ်းခိုင်တယ်လို့ လူထုတွေက ကျမတို့ကို ပြောလာပါတယ်။ အဲတာတွေက ကျမတို့ မဖမ်းခိုင်းပါဘူး။ ယာဉ်စည်းကမ်းစည်းမျဉ်းထဲ မှာလဲ အဲတာတွေ မရှိပါဘူး.တချို့ ယာဉ်ထိန်းရဲတွေက ရိုက်စား နေတာ ဖြစ်တယ်"
ကရင်နီပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ ပြုလုပ်ပေးနေပြီဖြစ်လို့ လွိုင်ကော်မြို့ရဲ့ နေရာတိုင်းမှာ ယာဉ်ထိန်းရဲတွေက စစ်ဆေးလျက်ရှိနေပေမယ့် နယ်စပ်ကနေ တရားမဝင် ၀င်ရောက်လာတဲ့ လိုင်စင်မဲ့ ကားတွေကတော့ တဖြည်းဖြည်း ပိုများလာပြီး လိုင်စင် ဆောင်ရွက်ပေးတာ မရှိသေးကြောင်း သိရပါတယ်။