ကချင်ပြည်နယ်တွင်း အစိုးရတပ်များတပ် အပြောင်းအလဲလုပ်ကာ ထိုးစစ်ဆင်နေဆဲ

ကချင်ပြည်နယ်တွင်း အစိုးရတပ်များတပ် အပြောင်းအလဲလုပ်ကာ ထိုးစစ်ဆင်နေဆဲ
by -
ကချင်သတင်းဌာန

မြစ်ကြီးနား-ဝိုင်းမော်အထက် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃)နယ်မြေ မန်ဒေါင် (Man Dawng) တွင် ထိုးစစ်ဆင်လှုပ်ရှားနေသော မြန်မာအစိုးရတပ် ခလရ (၃၇) မှတပ်ဖွဲ့ဝင် အင်အား ၈၀ ကျော် အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်က မြစ်ကြိီးနား ဘက်သို့ ကား ၂ စီး အပြည့် ဖြင့်ထွက်ခွာသွားကြောင်းသိရသည်။

စစ်ရေးလေ့ကျင့် နေတဲ့ မြန်မာအစိုးရစစ်သားများ။

ယင်းသို့ ထွက်ခွာသွားခြင်းမှာ တပ်ဆုတ်ခွာခြင်း မဟုတ်ဘဲ တပ်အပြောင်းအလဲ ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်များပြောသည်။ ထို့အပြင် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အောက်တိုဘာလ ၁၇ ရက် နေ့က မြစ်ကြီးနား-နမ်ဆန်ယန် တံတားတွင် လုံခြုံရေးယူနေသောအစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၃၈၆) မှ တပ်ဖွဲ့ဝင် ၃ ဦးကို  KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) မှ ပျောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦး သေဆုံးခဲ့သည်။

“အဲဒီတံတားမှာ ၃ ယောက်စောင့်နေတာ။ ကျွန်တော်တို့ ပစ်လိုက်တော့ ၂ ယောက်က ထွက်ပြေးသွားတယ်။” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

အစိုးရတပ်ဖွဲ့ဝင်များ တည်ရှိရာ လွယ်လွမ် (Lai Lum) တပ်စခန်းသို့ ထွက်ပြေးသွားပြီး နန်ဆမ်ယန် တံတားရှိရာသို့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အထိ တာဝေးပစ် (၁၂၀) မမ လက်နက်ကြီးဖြင့် (၇) ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဒေါ့ဖုန်းယန်မှ ၅ မိုင်အကွာရှိ ဒိန်ဂါ( Ding Ga) ကျေးရွာအနီးတွင်လည်း မြန်မာအစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၆၀၁) မှ အင်အား ၄၀ ကျော်နှင့် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားဲ့ကြောင်း သိရသည်။ 

မြန်မာအစိုးရနှင့် KIO တို့  အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် နှစ်ဘက် ကိုယ်စားလှယ်များ ဆက်သွယ် ပြောဆိုနေကြသော်လည်း တစုံတရာ အဖြေမရသေးသလို အောက်ခြေတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

Most read this week