နှစ်ခြင်းခရစ်ယာန် ဘာသာဝင် ကျေးရွာတွင် ရိုးရာ ဒီးကူပွဲ ပြန်လည်ကျင်းပ

နှစ်ခြင်းခရစ်ယာန် ဘာသာဝင် ကျေးရွာတွင် ရိုးရာ ဒီးကူပွဲ ပြန်လည်ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ကျေးရွာက ဒီးကူပွဲတော်ရိုးရာကို
ပြန်လည်ထိန်းသိမ်းဖို့ ပထမဦးဆုံး ဒီမောဆိုမြို့နယ် ဆိုဘောသဲကျေးရွာမှာ ဒီးကူပွဲကို အခမ်းအနားနှင့်တကွ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဆိုဘောသဲကျေးရွာ၌ ဒီးကူပွဲအခမ်းအနားကျင်းပစဉ် (ဓါတ်ပုံ-ကေတီ)
ယခင်က ဒီးကူရိုးရာပွဲတော်ကို ကျင်းပပြုလုပ်ခြင်းမရှိခဲ့ကြ သော်လည်း လူမျိုးတမျိုးတိုင်းမှာ ကိုယ့်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ဆိုတာရှိ နေစမြဲဖြစ်တဲ့အတွက်ကြောင့် လူငယ်တွေ ပြန်လည်သိရှိလာအောင် ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဒီးကူပွဲဖြစ်မြောက်ရေးကို ဦးစီးဆောင်ရွက်နေတဲ့ လူငယ်ခေါင်းဆောင် ဆရာဟေဗလုသောင်းက  ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ဒီးကူပွဲတော်ဟာ ကျနော်တို့ ရွာအနေနဲ့ အခုမှ ပထမ အကြိမ် ပြုလုပ်ရတာ ဖြစ်တယ် ဘာကြောင့် လဲဆိုတော့ ကျနော်တို့ က နှစ်ခြင်း ခရစ်ယာန် ဘာသာရေးတွေရဲ့ သွန်သင်မူ တွေကိုုပဲ လိုက်စားနေတဲ့ အခါကျတော့ ကျနော်တို့ရဲ့ မိရိုးဖလာ ဓလေ့ တွေကို သိပ်အရေးမကြီးတော့တဲ့ အနေထားမှာ ရောက်သွားတယ်” လို့ ပြောပါတယ်။

ဒီးကူရိုးရာ ပွဲတော်ဓလေ့ကို ပြည်တွင်း မှာတော့သက်ဆိုင်ရာ ကျေးရွာအလိုက် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပကြ သလို ပြည်ပရောက် ကရင်နီမျိုးနွယ် စုတွေကလည်း ကျင်းပကြပါတယ်။

သို့ပေမဲ့လို့ ပြည်တွင်းမှ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်ကျေးရွာတွေက ကျင်းပပြုလုပ် ကြခြင်း မရှိခဲ့ပါဘူး။

ဒီလိုဖြစ်ရတာက အရင်က တခြားနယ်ဒေသဘက်ကနေ ရောက်လာတဲ့ သာသနာပြုဆရာတော်တွေက အယူသည်းခဲ့ကြလို့ ဖြစ်တယ်လို့ ဆိုဘောသဲကျေးရွာမှ အသက် ငါးဆယ်ခန့်ရှိတဲ့ ဒေသခံဦးလေးတဦးက ပြောပါတယ်။

“အရင်ကဆိုရင် တခြားရွာက ဒီးကူပွဲလုပ်တာ ကျနော်တို့က သွားလည်ပြီး ဒီိးကူကို ရွာထဲ မှာ ယူလာရင်တောင်မှ သိပ်လက်မခံချင်ကြဘူး အခုက လူငယ်တွေရဲ့ အသိတရားတွေနဲ့ နားလည်မူတွေကြောင့် အခုလိုစုစည်းပြီး ဒီးကူပွဲကို ပြန်ပြုလုပ်နိုင်တာပါ ကျနော်တို့ ကယားတွေက တခြားလူမျိုးတွေနဲ့ဆိုင်ရင် အများကြီး အောက်ကျနေပါသေးတယ်။ အခုချိန်မှာ ကျနော်တို့ရဲ့ ဓလေ့တွေ စာပေတွေက အစ အားလုံးစုပေါင်းပြီး ညီညီိညွတ်ညွတ်နဲ့ အတူလက်တွဲသွားရပါမယ်”  လို့ ပြောပါတယ်။

ဒီးကူပွဲအခမ်းအနားကို ဆိုဘောသဲကျေးရွာတွင် အောက်တိုလာလ ၁၆ ရက်နေ့  ညနေခင်းအချိန်မှာ ပြုလုပ်ခဲ့ပြီး အနီးအနား ကျေးရွာတွေဖြစ်တဲ့ သေးဆူလဲကျေးရွာ၊ လာလဲ(ကြာဖုဒေါ)၊ ဖရူဆိုမြို့မှ လူငယ်တွေကလည်း အဲဒိုပေါ်မှီ (ခေါ်) ဒီးကူပွဲကို တက်ရောက်ခဲ့ကြပါတယ်။

Most read this week