ဘင်္ဂလာသုုိ့ ကျွဲနွား တင်ပို့မူ ရခိုင်လယ်ယာ လုပ်ငန်း ထိခိုက်နိုင်

ဘင်္ဂလာသုုိ့ ကျွဲနွား တင်ပို့မူ ရခိုင်လယ်ယာ လုပ်ငန်း ထိခိုက်နိုင်
by -
နိရဥ္စရာ

ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အနှံ့မှ ကျွဲနွားများကို ဘင်္ဂလာဒေ့ရှ် နိုင်ငံသို့ တင်ပို့နေကြသဖြင့် ရခိုင်ပြည်နယ်၏ လယ်ယာ လုပ်ငန်းကို ထိခိုက်လာနိုင်ကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမားကြီး တစ်ဦးက ပြောသည်။

cattle

ကျွဲနွားများကို အဓိက တင်ပို့နေသော မြို့နယ်မှာ  ၆ ခု ရှိပြီး ကုန်သည်များက ပင်လယ် ရေလမ်းကြောင်းမှ တဆင့် တရားမဝင် ခိုးထုတ် တင်ပို့ နေကြကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမား တဦးက အခုလို ပြောပါတယ်။

“ရပ်ရွာတွေမှာ ကျွဲ၊ နွားတွေ မရှိသလောက်ဖြစ် လာပါတယ်။ အဓိကတော့ လယ်သမားတွေရဲ့ သီးနှံစိုက်ပျိုး ခင်း တွေမှာ ထွန်ယက်ဖို့ အခက်အခဲဖြစ်လာတယ်။ နွားကုန်သည်တွေ စျေးကောင်းပေးပြီး ဘင်္ဂလားဒေ့ချ် နိုင်ငံသို့ တင်ပို့နေတဲ့ အတွက် စျေးတွေ မြင့်တက်လာပြီး နွားတွေ ရှားလာတယ်။ သာမန်ရိုးရိုး လူတွေ မဝယ်နိုင်တော့ဘူး။ ရခိုင်လယ်သမားတွေက ကျွဲနဲ့ နွားကိုအဓိကအား ကိုးပြီး လုပ်စားနေရတာဖြစ်တယ်။ ကျွဲ၊ နွားမရှိရင် လုပ်ကိုင် စားသောက်ရတာ အခက်အခဲ ဖြစ်နိုင်ပါတယ်” ဟု ကျောက်ဖြူမြို့မှ လယ်သမားကြီးက  ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ရက်နေ့က ဖြစ်ပွားခဲ့သော အရေးအခင်းနောက်ပိုင်းတွင် ကျွဲ၊ နွားများ တင်ပို့မူ ခေတ္တ ရပ်ဆိုင်းသွားသော်လည်း ယခုအခါ ဘင်္ဂလားဒေ့ရှ် ဘက်သို့ အဆက်မပြတ် ၀င်လာနေကြောင်း နယ်စပ်အခြေစိုက် တက်ကနက််မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦးက  နိရဥ္စရာသို့ ယခုလိုပြောသည်။

“အခု ပုံမှန် ၀င်နေတယ်။ တရက်ကို ကျွဲနဲ့ နွားကောင်ရေ ၂၀၀ ကနေ ၂၂၀အထိ၀င်ပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၆ မြို့နယ်ကနေ ပုံမှန် ၀င်နေတာ ဖြစ်တယ်။ တစ်လကို ကျွဲနဲ့ နွားကောင်ရေ ထောင်ဂဏန်းကျော် ၀င်ပါတယ်” ဟုပြောသည်။

ထို့အပြင် ရခိုင်နှင့် ဘင်္ဂလာဒေချ့်တွင် ဖြစ်နေသော ကျွဲ၊ နွားစျေးနှုန်းနဲ့ ပတ်သက်လို့လည်း “ရခိုင်ဘက်မှာ ကျွဲက ပထမတန်း တကောင်ကို ကျပ် ၆သိန်းကျော်၊ နွားက ပထမတန်းတကောင်ကို ၅သိန်း ကျော်ရှိပါတယ်။ ဘင်္ဂလာဘက်မှာတော့ ကျွဲတကောင်ကို ကျပ် ရ သိန်း ၀န်းကျင်ရတယ်။ နွားတကောင်ကိုတော့ ကျပ် ၆ သိန်းကျော် ၀န်းကျင်မှာရတယ်။ တခေါက်မှာ ကျွဲနဲ့ နွားရာချီပြီး တင်ပို့နိုင်တော့ အမြတ်တွေရှိတာပေါ့” ဟုပြောသည်။

အခုလိို တင်ပို့ရာမှာ ရေလမ်းကြောင်းတလျှောက်ရှိ လုံခြံုရေး ယူထားသော  အာဏာပိုင် အဆင့်ဆင့်ကို ငွေအများအပြား ပေး၍ သယ်ယူကြရကြောင်း သိရသည်။

ကျွဲနှင့် နွားများကို ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များမှ စျေးကောင်းပေးကာ ၀ယ်ယူ တင်ပို့နေခြင်း ဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။

Most read this week