KIA ဌာနချုပ်နယ်မြေတွင်း အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေ

KIA ဌာနချုပ်နယ်မြေတွင်း အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် နယ်မြေဖြစ်သည့် တပ်မဟာ(၅) ဒေသအတွင်း KIA နှင့် အစိုးရ တပ်တို့ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယခင် မြန်မာအစိုးရတပ်မှ သိမ်းယူခဲ့သော လက်နက်ကြီးများ။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဌာနချုပ်နယ်မြေ KIA တပ်မဟာ (၅)နယ်မြေတွင် အစိုးရတပ်များနှင့် ယနေ့ ၁၂ နာရီချိန်မှ စ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။

KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) နှင့် မြန်မာအစိုးရ ခြေမြန်တပ်ရင်း ခမရ (၃၂၀၊ ၃၈၇) နှင့် ခြေလျင်တပ်ရင်း ခလရ (၁၄၂) တပ်ဖွဲ့တို့ ဒေါ့ဖုန်းယန်မြို့ အနီးရှိ တိန်းကျန့် (Ting Jang) ရွာတွင် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ပြောသည်။

“ခုတိုက်နေကြတယ်။ ဘယ်နှစ်ယောက်သေတယ် မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး။”

ဒေါ့ဖုန်းယန်မြို့ အရှေ့ဘက်ရှိ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တပ်စခန်းသို့ ရိက္ခာလာပို့သော မြန်မာအစိုးရတပ်ဖွဲ့ အင်အား ရ၀ ကျော်နှင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် တိန်းကျန့် (Ting Jang) ကျေးရွာရှိ ဒေသခံများ KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံလျက်ရှိကြောင်းသိရသည်။

ထို့အပြင် ဒေါ့ဖုန်းယန် အခြေစိုက် မြန်မာအစိုးရတပ် ခလရ (၁၄၂) သည်လည်း KIA တပ်ဖွဲ့ဝင်များ စခန်းချထားရာသို့ (၁၂၀) မမ လက်နက်ကြီး  များဖြင့် ပစ်ခတ် နေကြောင်းသိရသည်။

“၂ နာရီခြားပစ်နေတယ်။ မနေ့ည ၉ နာရီကနေ ဒိီမနက် ၃ နာရီထိ ပစ်နေတယ်။”

ယနေ့ နံနက် ၂ နာရီချိန်ကလည်း တိန်းကျန့် (Ting Jang) ရွာမှ ၅ မိုင်အကွာရှိ မန်ဆိုင်း (Man Sai) ရှမ်းရွာတွင် မြန်မာ အစိုးရတပ်ပေါင်းစုနှင့် KIA တပ်မဟာ (၅) တပ်ရင်း (၂၄) သို့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

KIA က ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်နေပြီး နှစ်ဖက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုကို အသိအကျ မသိသေးကြောင်း ရှေ့တန်းမှ အရာရှိဆိုသည်။

မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)အား ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာသေးခင်က ကမ်းလှမ်းထားခြင်းဖြစ်သော်လည်း ကချင်ပြည်နယ် နေရာ အနှံ့တွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး တင်းမာမှုများဆက်လက်ဖြစ်ပွားနေသည်။

Most read this week