ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် အသိမ်းခံထားရသည့်မြေ ပေ ၁၀၀ ထက် ကျော်လွန်၍ မြေစာရောက်ရှိလာပါက ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးပေးမည်ဟု ယခင်က ဆိုထားသော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရှိရသည်။
“မြေစာရှင်းဖို့ ၁ ဧကကို ၃ သိန်းပေးမယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံအတွက် သတ်သတ် နစ်နာကြေး တစ်သီးစာ ပေးမယ်လို့ ပြောတယ်။ ဘယ်လောက်လဲ အတိအကျတော့ မသိရသေးဘူး။ အခုထက်ထိ ဘာမှလာမပေးဘူး” ဟု နောင်အန်းဒေသခံတစ်ဦးက ပြောပါသည်။
ပိုက်လိုင်း ကုမ္ပဏီက ပိုက်ချရန် မြောင်းတူးဖော်ရာတွင် ပေ ၁၀၀ ကျော်ထက် မြေစာများ ပုံလာသည့် အတွက် လယ်အတွင်း မြေစာများ လွှမ်းမိုးကြောင်း၊ သီပေါမြို့နယ် နောင်အန်းအုပ်စု၌ လယ် ၁ ဧက ကျော်၊ နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စု၌ ၁ ဧကကျော်၊ မိုင်းဝီးအုပ်စု၌ ဧကဝက် ပျက်စီးဆုံးရှုံးနေကြောင်း၎င်းက ဆိုသည်။
“လယ်ပိုင်ရှင်တွေ သက်ဆိုင်ရာကို သွားတိုင်သွားပြောမှ လျော်ကြေးပေးမယ်လို့ ပြောလာတာ” ဟု အဆိုပါ လယ်သမားက ဆက်ပြောသည်။
သို့သော် နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုနှင့် မိုင်းဝီးအုပ်စုမှာမူ သီးနှံများပျက်စီးသွားသည်ကို သက်ဆိုင်ရာများ က သွားရောက်ကြည့်ရှုသော်လည်း တစုံတရာ ပြောဆိုသွားခြင်း မရှိဟု ဆို၏။
ပိုက်လိုင်းဖြတ်သွားသည့် ဒေသမှ လယ်သမားများအနေဖြင့် စီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်ယာ များ၊ လမ်းများကို ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ပိတ်ဆို့သွားသည့် ရေချောင်းများကိုလည်း ပြန်လည် တူးဖော်ပေးစေလိုကြောင်း ပြောဆိုကြသည်။