မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချေးငွေ လယ်သမားအားလုံး မရ

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချေးငွေ လယ်သမားအားလုံး မရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ လယ်သမားများအတွက် ချပေးသော ချေးငွေများကို လိုအပ်နေသော လယ်သမားများထံ ချမပေးဘဲ လယ်သမားအချို့သာ  ချေးပေးကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

“တကယ့် စေတနာ အရင်းခံရှိရင်  တကယ်လိုအပ်တဲ့ ရွာတွေကို ချေးပေးရမှာပေါ့။ အခု သူတို့    ချေးပေးတဲ့ ရွာတွေက နဲနဲချောင်လည်တဲ့ရွာတွေ ဖြစ်နေတယ်။ နောက် ပြန်ဆပ်ရမဲ့အချိန်က နွေစပါး စိုက်ချိန်ဖြစ်နေတော့ တကယ်လို့ ပြန်မဆပ်နိုင်ရင် ပေါင်နှံထားတဲ့လယ်တွေလည်း ရှုံးမှာဘဲ” ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောပါသည်။

စက်တင်ဘာ ၁၁ ရက် နှင့် ၁၂ ရက် နံနက် ၉ နာရီမှ ညနေပိုင်းအထိ နမ့်ခမ်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး က လယ်သမားများအား ၁ ဧက ကျပ် ၁ သိန်းနှုန်းဖြင့် ငွေထုတ်ချေးခဲ့ရာ တစ်ရာလျှင် အတိုး ၀.၆ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ အစိုးရက နမ့်ခမ်းမြို့နယ်အတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ချပေးရာ လက်ဖက် စိုက်တောင်သူများအတွက် သိန်း ၅၀၀၊ လယ်သမားများအတွက် သိန်း ၅၀၀ ချေးပေးရန် ပြောဆိုလာ ကြောင်း မြို့နယ်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ဆို၏။

“လက်ဖက်စိုက်တောင်သူတွေ မရဘူး။ အစည်းအဝေးလုပ်တုန်းကတော့ ရွာပေါင်း ၄၈ ရွာကို ငွေချေး ပေးမယ်လို့ သတ်မှတ်ထားပေမဲ့   ရ ရွာလောက်ဘဲ ရတယ်။ တစ်ရွာတည်းတောင် အိမ်တိုင်းမရဘူး။ အပေါ်အိမ်က ရပြီး အောက်အိမ်က မရတော့ တယောက်နဲ့တယောက် မကျေနပ်ကြဘူးပေါ့။ တစ်ရွာ တည်းသားတွေ အချင်းချင်း အထင်လွဲအောင် လုပ်နေသလိုဘဲ” ဟု နမ့်ခမ်းဒေသခံ လူငယ်တစ်ဦးက ပြောပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ချေးပေးသည့် ကျေးရွာများမှာ နမ့်မရွာ၊ နမ့်တီးရွာ၊ ကွန်လုံရွာ၊ နောင်ကောင်ရွာ၊ ဟောင်လုံရွာ၊ ကျယ်ဟိုင်းရွာ၊ ကောင်းဆာရွာနှင့် နမ့်ခမ်းမြို့ပေါ်မှ တန်မရပ်ကွက်၊ အောက်ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်တို့ ဖြစ်သည်။

Most read this week