မင်းပြားလူထု လျှပ်စစ်မီး ပုံမှန်မလာ၍ အခက်တွေ့

မင်းပြားလူထု လျှပ်စစ်မီး ပုံမှန်မလာ၍ အခက်တွေ့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း မြို့များတွင် လျှပ်စစ်မီးကို လောင်စာဆီသုံး အင်ဂျင်ဟောင်းများမှ တဆင့် ဖြန့်ဝေနေရာ မင်းပြားမြို့တွင် လျှပ်စစ်မီး ပုံမှန် မလာသည့် အပြင် ၀န်ဆောင်ခကိုလည်း တိုးကောက်နေသဖြင့် လျှပ်စစ်မီး သုံးစွဲသူများ အနေနှင့် အခက်ကြံုနေကြရသည်ဟု သတင်း ရရှိသည်။

“မြို့ပေါ် လျှပ်စစ် မီးပေးနေတဲ့ မီးစက်ကြီး လေးလုံး ရှိပါတယ် ။ အဲဒီ လေးလုံးနဲ့ ရပ်ကွက် ၃ခုကို ဖြန့်ဝေ ပေးနေတဲ့ အထဲမှာ အဆိုးဆုံး က စျေးဟောင်းပိုင်း ရပ်ကွက် မီးစက် ဖြစ်ပါတယ်။ အဲဒီမီးစက်က ဘာခံမှာ တည်ဆောက် ထားပါတယ်။ အဲဒီ မီးစက် ကို ရေခဲစက်နဲ့ ပူးတွဲထားပါတယ်။ အဲဒီ ရေခဲစက်ဟာ  လွန်ခဲ့တဲ့ တစ်လလောက်က ညဉ့် ၁ ချက်တီးလောက်မှာ အမိုးနီးယားဂတ်စ် အိုးပေါက်ကွဲသွားပါတယ်။  အခု ဂတ်စ်အိုး အသစ်လည်း မရောက်၊ ရေခဲစက်လည်း မလည်ပတ်နိုင်။ ကျွန်မတို့လည်း မီးမရ ဖြစ်နေပါတယ်” မင်းပြားမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ မီးစက်အား ရေခဲစက်ဖြင့် တွဲထားသည့်အပြင် လျှပ်စစ်မီး အချိန်မှန် မရရှိခြင်း၊ ရရှိလာသည့် မီးအားမှာလည်း အတက်အကျ အကြိမ်ရေများစွာ ဖြစ်ခြင်း၊  မီးအား အတက်အကျကြောင့် မီးလုံး၊ မီးချောင်းများ အပါအဝင် ရုပ်မြင်သံကြားစက်များ မကြာခဏ ပျက်စီးခြင်းများကိုလည်း ကြံုတွေ့ကြရသည်ဟု ဆိုသည်။

ထို့အပြင် လျှပ်စစ်မီးကို အားကိုး၍ အလုပ် လုပ်နေကြသည့် အခြားသောအသေးစား စက်မူ လက်မူ လုပ်ငန်းများ၌လည်း ထိခိုက်မူ ရှိနေပြီး ဒုက္ခမျိုးစုံနှင့် ကြံုတွေ့နေရသည်ဟု သူမက ဆက်ပြောသည်။

လက်ရှိ လည်ပတ်နေသည့် တခြား မီးစက်များမှာလည်း ပြည်သူများ မီးရရှိရေးထက် ရေခဲစက်များကိုသာ ဦးစားပေး မီး ဖြန့်ဖြူး ပေးဝေနေသဖြင့်  မင်းပြား ပြည်သူတို့မှာ မီးအမှောင်မိုက်ထဲတွင် ကျရောက်နေကြရသည် မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်သူများ မီးမရဘဲ ဖြစ်နေချိန်တွင် မီတာအိုး စောင့်ရှောက်ခနှင့် တခြား အခွန်များကို လစဉ် ပေးဆောင် နေကြရပြီး  လျှပ်စစ်မီး အခွန်ဆောင်လျှင်လည်း  ကျသင့်ငွေ တန်ဖိုးထက် ငွေ ၂၀၀၀ ကျပ် အပိုဆောင်း ကောက်စား နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးကြောင့် ပြည်သူများ လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ မီတာခ စျေးအလွန်မြင့်မား ခြင်းတို့ကြောင့် အခက်ကြံုနေရသော်လည်း ယခုအချိန်ထိ အစိုးရမှ ရခိုင်ပြည်နယ် လျှပ်စစ်မီး ပေးဝေရေးနှင့် ပတ်သက်ပြီး အလေးအနက်ထား စဉ်းစား ဆောင်ရွက်ခြင်း မရှိသေးကြောင်း သတင်းများ ရရှိသည်။

Most read this week